အောက်တိုဘာ ၁၇
ကမ္ဘောဒီးယားနိုင်ငံ အနောက်ပိုင်း Kampong Speu ပြည်နယ်တွင် အသက် သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး H5N1 ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခံထားရကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယခုနှစ်အတွင်း ယင်းရောဂါကူးစက်ခံရသူ ၁၆ ဦးအထိ တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့နှောင်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
အမျိုးသားကျန်းမာရေးအင်စတီကျု၏ဓာတ်ခွဲခန်းရလဒ်အရ ၎င်းကလေးသည် H5N1 ဗိုင်းရပ်စ်ကူးစက်ခံထား ရသည်ဟု အောက်တိုဘာ ၁၅ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလူနာတွင် ဖျားခြင်း၊ ဝမ်းလျှောခြင်း၊ ချောင်းဆိုးခြင်းနှင့် ဗိုက်နာခြင်း စသည့် လက္ခဏာများ တွေ့ရှိရသဖြင့် လက်ရှိတွင် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှု ခံယူလျက်ရှိကြောင်းနှင့် ၎င်းကလေးငယ်သည် ဘာဆက်ဒ်ခရိုင် ချက်ခ်ကျေးရွာတွင် နေထိုင်ကြောင်း ဖော်ပြထားသည်။
စုံစမ်းမှုများအရ ထိုကလေးဖျားနာမှုမဖြစ်ပွားမီသီတင်းပတ်တစ်ပတ်ခန့်က ယင်းကလေးနှင့် ၎င်း၏အိမ်နီးနားချင်းအိမ်ရှိ ကြက်များနှင့် ဘဲများ နာမကျန်းဖြစ်ပြီး သေဆုံးသွားသည်ဟု ဖော်ပြထားသည်။
ကျန်းမာရေးအာဏာပိုင်များသည် ရောဂါပိုးကူးစက်ခြင်း၏ အရင်းအမြစ်ကို ရှာဖွေလျက်ရှိပြီး ရပ်ရွာအတွင်း ကူးစက်ဖြစ်ပွားမှုကို တားဆီးရန်အတွက် သံသယရှိသူ သို့မဟုတ် ရောဂါပိုးရှိသူများနှင့်ထိတွေ့ဖူးသူများကို စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ယခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေး H5N1 ကူးစက်ခံရသူ စုစုပေါင်း ၁၆ ဦးရှိပြီး သေဆုံးသူ ၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


