နိုဝင်ဘာ ၁၁

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း တရုတ်ခရီးသွား ၈၈၉၀၈၉ ဦး ဝင်ရောက်ခဲ့ရာ လွန်ခဲ့သောနှစ်ကခရီးသွားဝင်ရောက်မှုထက် ၄၆ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သော ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုသည် နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၄ ဒသမ ၃၇ သန်း ၏ ၂၀ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားခရီးသွားများဝင်ရောက်မှုတွင် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် တရုတ်နိုင်ငံသည် တတိယအများဆုံးဖြစ်သည်။

ပစိဖိတ်အာရှခရီးသွားအသင်း ကမ္ဘောဒီးယားဌာနခွဲ၏ဥက္ကဋ္ဌက တရုတ်ခရီးသွားများ ဝင်ရောက်မှု တိုးတက်လာခြင်းသည် တရုတ်နိုင်ငံမှ စိတ်ဝင်စားမှု မြင့်တက်လာခြင်းကို ညွှန်ပြနေကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား-တရုတ် ခရီးသွားနှစ် ၂၀၂၅ ခုနှစ်သည် တရုတ်ခရီးသွားများ ဝင်ရောက်လာမှုကိုလည်း ပိုမိုအားပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းသည် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းများ တင်ပို့မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေတို့အပြင် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးပေးသည့် အဓိကမဏ္ဍိုင်ကြီးလေးရပ်အနက် တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို