ကန့်ဘလူ ၂၅ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ ကန့်ဘလူ မျိုးသန့်ခြံနှင့် သရက်ခြံသို့ ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်က ရွှေဘိုစိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ကြီး ဒေါ်ဝင်းမာသန်း၊ ဒုတိယကျောင်းအုပ် ဒေါ်လှလှဝင်း၊ ဆရာ ဆရာမ ၁၁ ဦးနှင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ ၂၄၂ ဦးတို့ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်လေ့လာရာတွင် ကန့်ဘလူ မျိုးသန့်ခြံ၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းရွှေနှင့် ကန့်ဘလူ မျိုးသန့်ခြံ တာဝန်ခံ ဦးလှသောင်းတို့က မျိုးသန့်ခြံတွင် စိုက်ပျိုးထားသော ပဲစင်းငုံ (မုံရွာရွှေဒင်္ဂါ)၊ နေကြာစပ်မျိုး၊ မြေပဲ(ဆင်းပဒေသာ-၁၁)၊ နှမ်း(ဆင်းရတနာ-၃)၊ နေကြာစပ်မျိုး၊ မြေပဲ၊ မတ်ပဲသီးနှံတို့ စိုက်ပျိုးထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ကွင်းတာဝန်ခံများ မှ မျိုးကာင်း မျိုးသန့်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မှု အဆင့်ဆင့်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ကန့်ဘလူသရက်ခြံသို့ ဆက်လက်လေ့လာခဲ့ကြရာ သရက်ခြံတာဝန်ခံ ဦးသန်းထွန်းဦးက စိုက်ပျိုးရေးဆိုင်ရာ GAP နည်းစနစ်ဖြင့် ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စိုက်ပျိုးမြေနေရာ ရွေးချယ်ခြင်း၊ ရေ၊ မျိုးစေ့၊ ပျိုးပင်၊ မြေဩဇာနှင့် မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဆေးများနှင့် အခြားဓာတုပစ္စည်းများ၊ အပင်ပြုစုစောင်ရှောက်ခြင်း၊ စိုက်ပျိုးရေးနှင့် အခြားဆက်စပ် ပစ္စည်းကိရိယာများ၊ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန်ပြုပြင်ခြင်း၊ တိရစ္ဆာန်နှင့် ဖျက်ပိုးများ၊ ထိန်းချုပ်ခြင်း၊ အထောက်အထားများနှင့် မှတ်တမ်းများ၊ နောက်ကြောင်းပြန် စစ်ဆေးခြင်းနှင့် ပြန်လည်သိမ်းဆည်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းခြင်းနှင့် လုပ်သားများဘဝ သာယာဝပြောရေး စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ကန့်ဘလူသရက်ခြံ၌ စိန်တစ်လုံးသရက် ၇၁ ဧက၊ ပတ္ထမြားငမောက်၊ မြကျောက်နှင့် ရွှေဟင်္သာသရက် ၅ ဧက စုစုပေါင်း ၇၆ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


