ကန့်ဘလူ အောက်တိုဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံဧက ၅၅၄၁၈ ဧက စိုက်ပျိုးပြီးစီးပြီးနေပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံလျာထားဧက ၉၀၀၂၇ ဧကကို စက်တင်ဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့အထိ ၅၅၄၁၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့ဌာနအနေနဲ့ ဒေသခံတောင်သူလယ်သမားများ လူနေမှုဘဝ တိုးတက်မြင့်မားရေး၊ စိုက်ပျိုးရေး ဗဟုသုတများရရှိပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် တောင်သူပညာပေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ့အပြင် ဒေသခံ တောင်သူများနဲ့ပူးပေါင်းပြီး ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ် စနစ်တကျ စောင့်ကြည့်ဆောင်ရွက်ခြင်း၊ ရာသီဥတုရေမြေနဲ့ကိုက်ညီတဲ့ အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲစိုက်ပျိုးနိုင်ရေး၊ နည်းပညာပံ့ပိုးပေးနိုင်ရေး၊ နည်းစနစ်များ ဖြန့်ဝေပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးမျိုးဇော်က ပြောသည်။

 

ကန့်ဘလူမြို့နယ်တွင် ဆောင်းသီးနှံပဲမျိုးစုံ လျာထားစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း လျာထား ဧက ၂၂၄၁၄ တွင် စိုက်ပျိုးပြီးစီးမှုဧက ၁၁၂၁၄၊ မတ်ပဲလျာထားဧက ၃၂၅၃၂ တွင် စိုက်ပျိုးပြီးစီး မှုဧက ၃၁၂၂၂၊ ပဲလွှမ်းလျာထားဧက ၂၃၈၃ တွင် စိုက်ပျိုးပြီးစီးမှုဧက ၅၂ ဧက၊ စွန်တာပြာ လျာထားဧက ၇၂၉၃ တွင် စိုက်ပျိုးပြီးစီးမှုဧက ၇၂၁၉၊ စွန်တာနီလျာထားဧက ၁၃၉၃ တွင် စိုက်ပျိုးပြီးစီးမှုဧက ၁၃၉၃ ဧက၊ ထောပတ်ပဲလျားထားဧက ၃၇၈၇ တွင် စိုက်ပျိုးပြီးစီးမှုဧက ၃၇၉၇ ဧက၊ အခြားပဲလျာထားဧက ၃၀၃၂ တွင် စိုက်ပျိုးပြီးစီးမှုဧက ၅၂၁၊ ကုလားပဲလျာထားဧက ၆၈၄၇ နှင့် စားတော်ပဲလျာထားဧက ၁၀၄၀၀ စသည်တို့ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)