ကျွန်းစု   ၂၂   ဖေဖော်ဝါရီ 

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် အားကစားတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်သော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာနှင့် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့ နံနက်(၁၀) နာရီအချိန်က ကျွန်းစုမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ဖွင့်လှစ်သည်။

 

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးက မြို့နယ်အတွင်း လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်ပီး မြို့နယ်ဂုဏ်၊ တိုင်းဂုဏ်မှသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သော လူငယ်များပေါ်ထွန်းလာစေရန်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားကြသည်။

 

 ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၈)သင်း၊ ပြိုင်ပွဲဝင်ကစားသမား(၄၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဗိုလ်လုပွဲကို(၂၄)ရက်နေ့ တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဆုများအသီးသီးချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံပိုက်ကျော်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး လူငယ်အမျိုးသား အသင်းနှင့် အမျိုးသမီးမျိုးဆက်သစ်များကိုလည်း အဆင့်မီစွာယှဉ်ပြိုင်နိုင်ရေးနဲ့ ဆုတံဆိပ်ရရှိရေးအတွက် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးရဲကျော်သူထံက သိရသည်။

 

စည်သူရအောင်(ကျွန်းစု)

 

DSC0041