မြင့်စိုး (နတလ)
ကယားပြည်နယ်သို့ သမင်လည်ပြန်
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က လွိုင်ကော်သို့ ရောက်ခဲ့သည်။ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ကယန်း(ပဒေါင်) တိုင်းရင်းသားများနေထိုင်ရာ ပန်ပက်ကျေးရွာသို့ သွားရောက်လေ့လာခဲ့သည်။ ဇူလိုင်လ ၂၆ ရက်နေ့တွင် မိုးဗြဲ-ဖယ်ခုံ-ပင်လောင်းလမ်းအတိုင်း ပြန်လည်ထွက်ခွာပြီး ကလော-ဘုရားငါးဆူမှတစ်ဆင့် နေပြည်တော်သို့ ဝင်ရောက်ရန် ဖြစ်ပါသည်။ အငြိမ်းစားဝန်ထမ်း ဘဝမရောက်မီ နတလလုပ်ငန်းတာဝန်များဖြင့် ကယားပြည်နယ်သို့ သွားရောက်ခဲ့စဉ် ကျွန်တော်မရောက်ဖြစ်ခဲ့သော မြို့နယ်တစ်ခုရှိပါသည်။ ရှားတောမြို့နယ်။ ထိုဒေသသို့ မရောက်လင့်ကစား ၁၉၈၇ ခုနှစ် ကုန်ခါနီးတွင် သံလွင် အရှေ့ဘက်ရှိ တာတမော့စခန်းအတိုက်ခံရ၍ ဗိုလ်ချစ်ဆွေနှင့် စစ်သည်အချို့ ကျဆုံးခဲ့သည်။ ၁၉၈၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့ ရှားတောမြို့နယ် ဒေါ့ခေါအော့ကျေးရွာအနီး တိုက်ပွဲတွင် ကျွန်တော့်ယောက္ခမဖြစ်သူ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးကျော်လွင်၊ ဗိုလ်မောင်ဌေးနှင့် စစ်သည်အချို့ ကျဆုံးခဲ့ရသည်များကို ပြန်လည်သတိရမိပါသည်။ ၁၉၈၃ ခုနှစ် လောက်က စစ်ဆင်ရေးဝင်ခဲ့ဖူးသော ဟိုယာဘီယာ ဒေသဘက်ကိုလည်း ထပ်မံ၍သွားချင်မိသည်။ ယခု မရောက်လည်း နောင်ကြုံလျှင်တော့ ရောက်ဦးမှာပါလေ။
အမည်သညာခေါ်စရာကား ဟန်းသလော
ဖယ်ခုံကိုဖြတ်တော့ ဟန်းသလောကို သတိရမိသည်။ ဖယ်ခုံဇာတိဖွား ဟန်းသလောကား လူ့ပြည်လူ့ရွာကို စွန့်ခွာ၍သွားခဲ့ပေပြီ။ သူနှင့်ကျွန်တော်၏ ရေစက်က တစ်မျိုး။ ကျွန်တော် ၉ တန်း နှင့် ၁ဝ တန်းကို ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ ပရဟိတကျောင်းတွင် နေထိုင် သင်ကြားခဲ့သလို ကယန်း(ပဒေါင်) တိုင်းရင်းသား ဟန်းသလောသည်လည်းပဲ ဆရာတော်ကြီး ဦးပညာလောက၏ ခေါ်ယူစောင့်ရှောက်မှုဖြင့် မူလတန်းကျောင်းသား ဘဝကထိုကျောင်းတွင် လာရောက်ပညာ သင်ယူခဲ့ ဖူးကြောင်း သိရသည်။ ပညာသင်ဖူးရုံမျှမက ၄ တန်းနှစ် နွေရာသီကျောင်း ပိတ်ရက်တွင် သူငယ်ချင်းများနှင့်အတူ ပင်လောင်း-ဖယ်ခုံ ဒေသရှိ ဇာတိရပ်ရွာများသို့ ခွင့်ပြန်ပြီး ကျောင်းသို့ပြန်မလာတော့ဘဲ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားသောကြောင့် ဆရာတော်ကြီး ဦးပညာလောကကို ကြိတ်မနိုင်ခဲမရ ဒေါသအလိပ်လိုက် ထွက်စေခဲ့သူဖြစ်၏။ လေးမျက်နှာပရဟိတကျောင်းမှ ကျွန်တော် ၁ဝ တန်းအောင်၊ DSA တက်၊ ၁၉၈၁ ခုနှစ် အောက်တိုဘာလတွင် ကျောင်းဆင်း၊ လဲချား၊ မိုင်းကိုင်၊ မိုင်းနောင်ဘက်ကို ခဏရောက်၊ ထိုမှ ၁၉၈၃-၈၄ ခုနှစ်များတွင် ဆီဆိုင်နှင့် ပင်လောင်းတစ်ခွင်စစ်ဆင်ရေးများ၊ ကယားပြည်နယ် ဟိုယာ ဘီယာ၊ ဆီဘူး၊ သိကျိတ်ဒေသ စစ်ဆင်ရေးများ ဝင်ရောက်ချိန်တွင် ကိုယ့်ဆရာက ဟန်းသလော၊ ဟန်းသလောနှင့် တော်တော်လေးနာမည် ကြီးနေပြီဖြစ်၏။ ဗကပအဖွဲ့နှင့်တွဲ၍ ပေါ်လာလိုက်၊ ဦးတာကလယ်၊ ဦးစောဖားမူတို့ အဖွဲ့နှင့်တွဲ၍ ပေါ်လာလိုက်ဖြင့် သူ့သတင်းများက ဟိုကရသည်ကရ ဖြစ်နေပေပြီ။ သူနှင့်ကိုယ်မှာ လေးမျက်နှာပရဟိတ ကျောင်းထွက်များဖြစ်၍ အလင်းဝင်ရောက်လာရန် ပင်လောင်း၊ ဆီဆိုင်ဒေသများမှ ကျေးရွာများတွင် ကျွန်တော်စာရေး၍ ထားခဲ့သည်။ ကျောင်းနေဖက်သူငယ်ချင်းများမှတစ်ဆင့် အမှာစကားပါးခဲ့သည်။ သို့တစေ တပေါင်းမှတန်ခူးသို့သာ ပြောင်းခဲ့ သော်ငြား အကြောင်းကား မထူးခဲ့ပါ။ ဘယ်အချိန် ကာလရောက်မှ ထူးသွားသလဲဆိုရပါမူ ကျွန်တော်လည်း တပ်မတော်သား ဘဝမှ နတလဝန်ထမ်းဖြစ်၊ ကိုးကန့်ဒေသနှင့် 'ဝ'ဒေသများတွင် တာဝန်ထမ်းဆောင်၊ ၁၉၉၆ ခုနှစ်တွင် MTA အဖွဲ့ လက်နက်စွန့်သဖြင့် ဟိုမိန်းဒေသသို့ ရောက်ရှိ၊ ဟိုမိန်းမြို့လေး၏ အရှေ့ဖျားကျကျတွင် ဦးခွန်ဆာက ကယန်း တိုင်းရင်းသားများအတွက် ပန်းသပြေရပ်ကွက်ကို တည်ဆောက်၍ နေရာချထားပေးသည်။ ထိုရပ်ကွက်၏ ခေါင်းဆောင်မှာ ဦးလဝေထန်(ခေါ်) ဟန်းသလော ဖြစ်၍ နေတော့သည်။ "ခင်ဗျားရေးတဲ့စာတွေ ကျွန်တော်ရတယ်၊ ခင်ဗျားမှာခဲ့တာတွေ ကျွန်တော်ပြန်ကြားရတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဗကပနဲ့တွဲပြီး ဟိုရောက်ဒီရောက် ဖြစ်နေတယ်"ဟု သူက ပြောပြသည်။ သူနှင့်အတူတွေ့ရသော ဒုတိယခေါင်းဆောင် ကိုခင်မောင်သည်လည်းပဲ ၁၉၈၀ ပြည့်လွန်နှစ်များတွင် နာမည်ကြီး ဗကပတစ်ဦး ဖြစ်ခဲ့သည်။ ဟိုမိန်းတွင် ကျွန်တော် ကိုခင်မောင်နှင့်တွဲ၍ လယ်ထွန်ယက်စိုက်ပျိုး ပြသခဲ့ဖူး၏။
ဖယ်ခုံနှင့်ပင်လောင်းကြားမှ အမှတ်တရများ
ဖယ်ခုံတွင် အခြေချနေသည်ဆိုသော ဦးဌေးကိုအား နှုတ်ဆက်ချင်သော်လည်း အချိန်မရ၍ မရှာဖြစ်တော့ပါ။ ဦးကေဘရယ်ပျံ ဦးဆောင်သည့် ကယန်းအမျိုးသား လုံခြုံရေးတပ် ငြိမ်းချမ်းရေးအဖွဲ့ KNG သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် အစောဆုံးအနေဖြင့် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် နေ့တွင် တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာသော အဖွဲ့ဖြစ်သည်။ ဦးကေဘရယ် ပျံကွယ်လွန်သွားချိန်၌ ဦးဌေးကိုက ဆက်လက်ဦးဆောင်ခဲ့ကြောင်း သိရသည်။ KNG ကို ကယားပြည်နယ်၏ ငြိမ်းချမ်းရေး လမ်းပြကြယ်အဖြစ် ကျွန်တော် အမြဲလေးစားခဲ့မိ၏။ သူတို့ဝင်ပြီး ၁၉၉၄ ခုနှစ်ရောက်မှ ကလလတ ဦးထွန်းကျော်အဖွဲ့နှင့် ကယန်းပြည်သစ်ပါတီ ဦးသန်းစိုးနိုင်အဖွဲ့များ၊ ၁၉၉၅ ခုနှစ်တွင် KNPP အဖွဲ့တို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ယခုတော့ ကယားပြည်နယ် ကြီးတစ်ခုလုံးသည်လည်း အေးချမ်းတည်ငြိမ်လျက်။
ပင်လောင်းကပဲသွားသွား၊ ဖယ်ခုံဘက်ကပဲလာလာ နောင်ဝိုးဆိုသည့် ရွာလေးကို ဖြတ်တိုင်းဖြတ်တိုင်း ကျွန်တော်တို့ တပ်စခန်း ထိုင်ခဲ့သည့် နေရာလေးတွင် တည်ဆောက်ထား သော ဧရာမဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို ငေးကြည့်မိစမြဲဖြစ်၏။ ရွာနှင့်မမျှအောင်ကို အကြီးကြီးမှ တကယ့်အကြီးကြီး။ နောင်ဝိုးကို သတိရမိသည်ကတော့ တပ်စခန်းနေရာတွင် ပြောင်းလဲ သွားသော ဘုန်းကြီးကျောင်း တစ်ခုတည်းကြောင့်တော့မဟုတ်ဘဲ ညီတော်မောင် အရာရှိငယ်နှစ်ဦး မတော်တဆ ပစ္စတိုကျည် ထွက်ပြီး တစ်ဦးကကွယ်လွန်၊ တစ်ဦးက စစ်စည်းကမ်းအရ အရေးယူခံရသော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ ထိုသို့ မဖြစ်မီ နာရီပိုင်းလေးတွင် သူတို့နှစ်ယောက် လည်ပင်းဖက်လျက် ကျွန်တော်ကိုယ်တိုင် ဓာတ်ပုံရိုက်ပေးခဲ့မိသေးသည်။ ပြန်တွက် ကြည့်တော့ နှစ်ပေါင်း ၃၅ နှစ်ခန့်ရှိခဲ့ပြီ။ နောင်ဝိုးဆိုသော အမည်နာမ (ရှမ်းဘာသာစကား)နှင့် လိုက်ဖက်စွာ နွားလဘို့ တောင်ကြီးမှာ ရွာ၏အရှေ့ မြောက်ဘက်လောက်တွင် ခံ့ခံ့ထည်ထည်ကြီး လှမ်း၍ မြင်နေရဆဲ။
ရှီဘာဒါတို့ရဲ့ TPA
နောင်ဝိုးမှ ဆောင်းပြောင်းကျေးရွာကို ဖြတ်သန်းမောင်းနှင်ပြီး မကြာမီ ပင်လောင်းမြို့ကို ဝင်ရောက်ပါတော့မည်။ ပင်လောင်းမြို့ အဝင်ရှိ ရင်းမှီးရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော စင်းတောင်ကျေးရွာ၊ ထီတလိကျေးရွာ၊ တင်းထက်ကျေးရွာ၊ တောင်လေး ကျေးရွာ၊ ဝါးပြုံးကျေးရွာတည်းဟူသော ရွာငါးရွာသို့ TPA က သောက်သုံးရေဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ပေး ထားကြောင်းသိရ၍ ဝင်ရောက်ကြည့်ရှုလေ့လာရန် စိတ်ကူးရခဲ့သည်။ ပင်လောင်းမြို့ဆိုသည်မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော၊ လေးမျက်နှာ ပရဟိတကျောင်းထွက် ဦးခွန်မောင် သောင်း(ယခင် လမ်းစဉ်ပါတီခေတ်တွင် ကောင်စီဥက္ကဋ္ဌဟောင်း၊ ယခု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ)၏ ဇာတိဖြစ်သော၊ ကျွန်တော်၏ ကျောင်းနေဖက် သူငယ်ချင်းများစွာရှိနေသော မြို့လေး ဖြစ်သည်။ ထိုနည်းတူစွာ ကမ္ဘာ့လူသားအဖွဲ့အစည်း TPA (Terra People Association) နှင့်လည်းကောင်း၊ TPA ၏ Country Representative ဖြစ်သူ မစ္စစ်ရှီဘာဒါနှင့် လည်းကောင်း ရင်းနှီးသိကျွမ်းခဲ့သည်မှာ ကြာခဲ့ပြီ။ ဂျပန် နိုင်ငံသူ ရှီဘာဒါက မြန်မာအမည် မြတ်နိုးဝေ ဆိုသည်ကို ခုံခုံမင်မင် မှည့်ခေါ်သုံးစွဲနေသကဲ့သို့ သူ၏ရုံးဝန်ထမ်း ဂျပန်နိုင်ငံသူလေးများကလည်း မစံပယ်၊ နေခြည်ဦး အစရှိသော မြန်မာအမည်များရှိနေခြင်းက TPA သည် ဒေသခံတိုင်းရင်းသားများနှင့် တစ်သားတည်း ရှိနေသည့် သဘော။ TPA သည် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် MoU လက်မှတ်ရေးထိုးလျက် ရှမ်းပြည်နယ် (တောင်ပိုင်း)ပအိုဝ်းဒေသ၌ အပြန်အလှန်ဆက်နွှယ် အကျိုးပြု လူမှုအဖွဲ့အစည်းဖော်ဆောင်ခြင်း စီမံကိန်း (Creation of Symbiotic Society Project) ကို ၂၀ဝ၃ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် အခြေခံပညာရေး အစီအစဉ်တို့အား တိုးချဲ့ဆောင်ရွက်သွားနိုင်ရန်နှင့် အခြားသော လူမှုဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများကို တိုးမြှင့်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
သောက်သုံးရေပေးဝေရေးစီမံကိန်းများ
TPA ၏ သန့်ရှင်းသော သောက်သုံးရေပေးဝေရေး စီမံကိန်းများထဲတွင် အင်းလေးဒေသ ရေဗြုန်ရေထွက်မှ ကျေးရွာအုပ်စု ခုနစ်အုပ်စုရှိ ကျေးရွာများ၊ အင်းလေးဒေသ တန်ခိုးကြီးဘုရားများသို့ ဖြန့်ဝေပေးပို့ခြင်း၊ ကျောက်တစ်လုံးကြီးမြို့ပေါ် ခြောက်ရပ်ကွက်နှင့် ကျေးရွာ ရှစ်ရွာသို့ ဖြန့်ဝေပေးပို့ခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး မန်းဝင်းခိုင်သန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သော ဆီဆိုင်မြို့ပေါ် ခြောက်ရပ်ကွက်နှင့် ကျေးရွာ လေးရွာသို့ သောက်သုံးရေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးပို့ခြင်း လုပ်ငန်းများသည် ဒေသခံပြည်သူလူထုကို များစွာအကျိုးပြုခဲ့ကြောင်း တွေ့ရသည်။ ယခုလည်း ပင်လောင်းမြို့နယ် တောင်ထီဗွာ ကျေးရွာအုပ်စု ဥဆောင်းရေထွက်မှရေကို ရင်းမှီးရပ်ကွက်နှင့် ကျေးရွာငါးရွာသို့ ဖြန့်ဝေပေးပို့နိုင်ရေး ၂၀၁၇ ခုနှစ် အောက်တိုဘာလ၌ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် မေလတွင် ပြီးစီးခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ TPA ၏လုပ်ငန်းများ ထိရောက်အောင်မြင်ပြီး လက်တွေ့အကျိုးရှိသည့်အတွက် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီမံကိန်း ဆဋ္ဌမအဆင့်ကို အမေရိကန်ဒေါ်လာ သုံးသန်းကျော်ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ကျောက်တစ်လုံးကြီးနှင့် နောင်တရားဒေသ များတွင်သာမက ချင်းပြည်နယ် မင်းတပ်၊ မတူပီနှင့် ထန်တလန် မြို့နယ်များ၌ပါ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
နှုတ်ဆက်ခဲ့ပါသည် ပင်လောင်း
ပင်လောင်းမြို့မှပြန်အထွက် ကလောမရောက်ခင်အထိ လမ်းတစ်လျှောက် မျက်စိပသာဒဖြစ်စရာ ရှုခင်းများကို ငေးမောကြည့်ရှု ခံစားရင်း မောင်းနှင်လာခဲ့သည်။ လွန်ခဲ့သည့် ၃၅ နှစ်ခန့်က ပင်လောင်းဒေသသို့ စစ်ဆင်ရေးဝင်ခဲ့စဉ်က တီအီး(၁၁) ယာဉ်ကြီးများဖြင့်သာ တအိအိ မောင်းနှင်သွားလာခဲ့ရသော ပင်လောင်းလမ်း၊ ယခုတော့ သာသာယာယာဖြစ်လို့နေခဲ့ပြီ။
မာတင်ချောလဲ လမ်းဆုံအနီးမှ ကျောက်တောင်များရှေ့တွင် တပ်ရင်းတစ်ရင်းလုံးကို တွေ့ဆုံမှာကြားခဲ့သော တပ်မမှူး ဗိုလ်မှူးကြီးထွန်းရွှေ (နောင်တွင် ရပခ တိုင်းမှူး)၊ ပင်လောင်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဖေအောင် (နောင်တွင် ရဲချုပ်)တို့လည်း ကွယ်လွန်ခဲ့ကြပြီ။ တစ်ချိန်တုန်းက စစ်၏ အနိဋ္ဌာရုံများ လုံးဝကွယ်ပျောက်လျက် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ဖြင့် ဝေစည်နေသော ကယားပြည်နယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ အခါအခွင့်သင့်တိုင်း ရောက်နေဦးမည်မှာ မလွဲပါ။ ။


