ကနေဒါအိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် နာမည်ကျော် ကာဇက်စတန် တင်းနစ်မယ် အီလန်နာရွိုင်ဘာကီနာသည် ကနေဒါ ဆယ်ကျော်သက်တင်းနစ်မယ် ဗစ်တိုးရီးယား အမ်ဘိုကိုနှင့် ဩဂုတ် ၇ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
၂၀၂၂ ဝင်ဘယ်ဒန်ချန်ပီယံ ရွိုင်ဘာကီနာသည် ကနေဒါအိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ယူကရိန်း တင်းနစ်မယ် မာတာကော့စ်တစ်ကို အနိုင်ယူကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသူ ဖြစ်သည်။ ပြိုင်ဘက် တင်းနစ်မယ် အမ်ဘိုကိုက ကွာတားဖိုင်နယ်တွင် စပိန်တင်းနစ်မယ် ဘော်ဇက်စ်ကို အနိုင်ယူကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့တက်လှမ်းလာသူဖြစ်သည်။ အမ်ဘိုကိုသည် ၂၀၁၉ ခုနှစ်က အန်ဒရက်စ်ကူ ပြီးနောက် ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်သည့် ပထမဆုံး ကနေဒါ တင်းနစ်မယ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရွိုင်ဘာကီနာနှင့် အမ်ဘိုကိုတို့သည် ယခုပြိုင်ပွဲမတိုင်မီ ပြီးခဲ့သည့်လက ယှဉ်ပြိုင်ကစားခဲ့သည့် ဝါရှင်တန် အိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်တွင် ထိပ်တိုက်တွေ့ဆုံထားပြီး ရွိုင်ဘာကီနာက ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်လှမ်းထားနိုင်သည်။ ထို့ကြောင့် အမ်ဘိုကိုအနေဖြင့် ယခုအကြိမ်တွေ့ဆုံမှုတွင် အဆိုပါရှုံးနိမ့်မှုကို ချေဖျက်သွားနိုင်မည်လား သို့မဟုတ် ရှုံးပွဲထပ်မံ ကြုံတွေ့ကာ နောက်တစ်ဆင့်တက်လှမ်းခွင့် လွဲချော်သွားမည်လား စောင့်ကြည့်ရမည်ဖြစ်သည်။
ရွိုင်ဘာကီနာသည် အဆိုပါပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းထားနိုင်ခဲ့သော်လည်း ကနေဒါ နာမည်ကြီးတင်းနစ်မယ် လေလာဖာနန်ဒက်စ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ထားသည်။ ထို့ကြောင့် ရွိုင်ဘာကီနာအနေဖြင့် ယခုဆီမီးဖိုင်နယ်ပြိုင်ပွဲတွင်လည်း ပြိုင်ဘက်ကို အနိုင်ယူကာ ဗိုလ်လုပွဲ တက်လှမ်းသွားနိုင်မည်လား သို့မဟုတ် ပြိုင်ဘက်ကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲတက်လှမ်းခွင့် ထပ်မံလွဲချော်သွားမည်လား စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမည်ဖြစ်သည်။
အောင်ဇော်


