ကင်ရှာဆာ စက်တင်ဘာ ၁၈
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာစီ)၌ အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် ၃၁ ဦးထက်မနည်း သေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗလျူအိတ်ချ်အို) မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားသည်။
အတည်ပြုလူနာ ၃၈ ဦး အပါအဝင် အလယ်ပိုင်းပြည်နယ် ကာဆိုင်း၌ အီဘိုလာရောဂါဖြစ်ပွားသူ ၄၈ ဦး တွေ့ရှိကြောင်း အာဖရိကဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဒေသဆိုင်ရာရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ပစ်ထရစ်အိုတင်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါရောဂါကြောင့် ၃၁ ဦး သေဆုံးပြီး ၁၅ ဦးမှာ ဘူလက်ကျန်းမာရေးဇုန်ရှိ အီဘိုလာစင်တာ တစ်ခု၌ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် နှစ်ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
ဘူလက်သို့ ကာကွယ်ဆေးအလုံးရေ ၇၆၀ ပေးထားပြီး ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို စတင်နေပြီဖြစ်ကြောင်း အိုတင်က ပြောကြားသည်။ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူ ကျန်းမာရေးဝန်ထမ်း ၅၀၀ ကျော်အား ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း၊ လာမည့်ရက်များအတွင်း မြို့တော် ကင်ရှာဆာ၌ နောက်ထပ် ကာကွယ်ဆေးအလုံးရေ ၄၅၀၀၀ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။
ဆင်ဟွာ


