ကွန်ချက်ကို သင်ပေးပါ  

 

ခန့်ဇော် (ကျေးလက်)

 

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက် (Need)နှင့် လိုချင်မှု (Want)ကို ခွဲခြားနိုင်ရန် စနစ်တကျစိစစ်ရန်လိုအပ်သလို တကယ်လိုအပ်သည့်နေရာ၊ လိုအပ်သည့်လုပ်ငန်းလုပ်နိုင်ရန်အတွက် စီမံကိန်း လျာထားမှုမှာ လိုအပ်ချက်အလိုက် ဦးစားပေးအစီအစဉ်နှင့် အံဝင်ခွင်ကျဖြစ်ရန် လျာထားဆောင်ရွက်နိုင်ရေး အလွန်အရေးကြီးပါသည်။ ထို့ကြောင့်ဦးစားပေးရွေးချယ်ခြင်းဗျူဟာ (Targeting Strategy) ကို ကျေးလက်ဖွံ့ဖြိုးရေး မူဘောင်တွင် ချမှတ်ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ပါသည်။

စာရေးသူအနေဖြင့် ဒေသမျိုးစုံကို အကြိမ်ကြိမ်ရောက်ဖူးပါသည်။ အကြီးအကဲ ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ခရီးစဉ်များကိုလည်း အကြိမ်ကြိမ်လိုက်ပါခဲ့ဖူးပါသည်။ ရောက်တိုင်းမှာ ဒေသခံများ၊ ကျေးလက်နေ ပြည်သူများ၏လိုအပ်ချက်များ တင်ပြသည်ကို   လေ့လာသုံးသပ်ကြည့်လျှင်  ကျေးလက်လမ်း၊  ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ စာသင်ကျောင်း၊    ဆေးပေးခန်း၊ Community Center (ကျေးရွာခန်းမ)၊ စိုက်ပျိုးရေ၊  မျိုး၊  သွင်းအားစုလိုအပ်မှု၊ မွေးမြူရေးဆောင်ရွက်ရန် အရင်းအနှီးလိုအပ်မှု၊ ဈေးကွက်လိုအပ်မှု၊ နည်းပညာ လိုအပ်မှုစသည်တို့ကို  တွေ့ရှိရသည်။ အမှန်တကယ် လိုအပ်ချက်များလည်း ဖြစ်ပါသည်။

 

လိုအပ်ချက်များကို ဖော်ထုတ်နိုင်ရန်လိုအပ်

 

သို့သော် ဌာနတိုင်းတွင် မူဝါဒ၊ ရည်မှန်းချက်၊ ဦးစားပေးရွေးချယ်ရေးမူများရှိသလို နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေသည်လည်း ကန့်သတ်ချက်ရှိသည်ပင်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့်  အမြဲတမ်း ကန့်သတ်ချက် ရှိနေပြီး အစိုးရ၏ ဦးစားပေးအစီအစဉ်များအတိုင်း     စီစဉ်ဆောင်ရွက်ကြရခြင်း ဖြစ်ပါသည်။ အစိုးရ တိုင်းသည်      ပြည်သူ့လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးလိုသည့် စေတနာရှိကြသလို     အစိုးရအဖွဲ့ဝင် ဝန်ကြီးတိုင်းကလည်း ဆောင်ရွက်ပေးချင်သည့်စေတနာ ရှိကြပါသည်။

ဤနေရာတွင် နိုင်ငံဘဏ္ဍာရန်ပုံငွေကို အသုံးပြုဆောင်ရွက်ကြရသည်မို့ ထိရောက်အောင်မြင်ရန်၊ အကျိုးပိုရှိရန်၊ Effective ဖြစ်ရန် လိုပါသည်။ အလိုအပ်ဆုံးဖြစ်ရန် လိုသလို ဦးစားပေးအစီအစဉ်အတိုင်း ဖြစ်ရန်လည်း လိုအပ်ပါသည်။ အစိုးရမူဝါဒ နှင့်လည်း  ကိုက်ညီရန် လိုအပ်ပါသည်။ လိုအပ်ချက်  (Need) ဖြစ်ရန်လိုပြီး လိုချင်မှု (Want)ကို မလုပ်မိရန် လိုပါသည်။ ထို့ကြောင့် Targeting Strategy နှင့်အညီ ကဏ္ဍတိုင်း၊ လုပ်ငန်းတိုင်းတွင် သတ်မှတ် ထားသည့် Criteria ဖြင့် ရွေးချယ်သတ်မှတ် ရန် လိုအပ်ပါသည်။ ဌာန၏မူ၊ Criteria တို့နှင့်အညီဖြစ်ရန် ပြည်သူကို ပွင့်လင်း မြင်သာမှုရှိစွာ ချပြဆွေးနွေးရန်လိုသလို ပြည်သူများကလည်း ပါဝင်ဆွေးနွေးရန် လိုပါသည်။ ဆွေးနွေးပွဲများတွင် ကျေးရွာ၏ ရှိပြီးအချက်အလက်  အရင်းအမြစ်များကို သိအောင်လုပ်ပြီး   လိုအပ်ချက်များကို ဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ ဤသို့စနစ်တကျလုပ်လျှင် လိုအပ်ချက်၊ ဆောင်ရွက်သင့်သည့် စီမံကိန်းအမျိုးအစားများ ပေါ်ထွက်လာပြီး ဦးစားပေးလိုအပ်ချက်ကို ကျေးရွာပြည်သူများကိုယ်တိုင် ပါဝင်ရွေးချယ်စေကာ အစီအစဉ်ရေးဆွဲရမည် ဖြစ်ပါသည်။

လိုအပ်ချက်များအားလုံးကို ဖြည့်ဆည်းပေးချင်သည်မှန်သော်လည်း အလိုအပ်ဆုံးလုပ်ငန်း၊ အလိုအပ်ဆုံး ဒေသကို ဦးစားပေး လုပ်ဆောင်ပေးရန် အလွန်အရေးကြီးပါသည်။ ငိုတတ်သည့်ကလေး နို့စို့ရသည် ဆိုသကဲ့သို့ တောင်းတတ်သူရတာမျိုး မဖြစ်ရန် လိုအပ်ပါသည်။ ဌာနက ချမှတ်ထားသည့်မူနှင့် ကိုက်ညီရန်လိုအပ်သလို ချမှတ်ထားသည့်မူကို လိုက်နာကျင့်သုံးရန်လည်း လိုအပ်ပါသည်။ မျှတစွာ စဉ်းစားပေးရန်လည်း လိုအပ်ပါသည်။ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ အနေဖြင့် ဒေသတိုင်း၊ မြို့တိုင်း၊ ရွာတိုင်းကို မရောက်နိုင်ပါ။ ထို့ကြောင့် အမှန်တကယ် ဆင်းရဲနွမ်းပါးသည့် ဝေးလံဒေသများအပါအဝင် ဒေသအားလုံး အချိုး ညီညီ ဖွံ့ဖြိုးတိုးတက်အောင် မြို့နယ်အဆင့် တာဝန်ရှိသူများက မူဘောင်နှင့်အညီ စီမံဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

ပညာရေးလိုအပ်သည့်နေရာ၌ ပညာရေးအတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းများ ပိုလုပ်ပေးရမည် ဖြစ်သည်။ ရေလိုသည့်နေရာ၌ ရေရရှိရေး ပိုလုပ်ပေးရမည်ဖြစ်ပြီး လမ်းမရှိသည့်နေရာ၌ လမ်းလုပ်ပေးရမည် ဖြစ်သည့်အပြင် လျှပ်စစ်မီးမရှိသည့် ဒေသများအတွက် လျှပ်စစ်မီးရရှိအောင် လုပ်ပေးရမည်ဖြစ်သည်။ သို့ရာတွင် အစိုးရနှင့် ဌာနဆိုင်ရာ တာဝန်၊ ပြည်သူ့တာဝန် ခွဲခြားဆောင်ရွက် ရန်လည်း လိုအပ်ပေသည်။ ကျေးရွာ၏ အခြေခံလိုအပ်ချက်များ အကောင်အထည် ဖော်ဆောင်ရွက်သည့်အခါ မူဝါဒ၊ စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက် နိုင်သည့် ကျေးရွာများက ပို၍အောင်မြင် သည်ကို တွေ့ရှိရသည်။

 

တန်ဖိုးထားပြုပြင်ထိန်းသိမ်းမှသာ ရေရှည်ခံမည်

 

သတိပြုရမည်က လုပ်ငန်းများ အောင်မြင်ပြီးနောက် တန်ဖိုးထား ပြုပြင်ထိန်းသိမ်းမှသာ ရေရှည်ခံမည်ဟူသည့် အချက်ပင်ဖြစ်သည်။ ကျေးရွာတာဝန်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှု၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဖွဲ့စည်းမှု၊ ကျသင့် အခွန်အခ ထည့်ဝင်ဆောင်ရွက်မှု၊ လည်ပတ်ထိန်းသိမ်းရေးတာဝန်ယူနိုင်မှု၊ ဖွံ့ဖြိုးရေး လုပ်ငန်းများကို တန်ဖိုးထားထိန်းသိမ်းနိုင်မှုစသည့် ရွာ၏တာဝန်၊ ကော်မတီတာဝန်များကို ချပြဆွေးနွေးခြင်း၊ သင်တန်းပေးခြင်း၊ ဆောင်ရွက်စေခြင်း၊ လိုက်ပါ ဆောင်ရွက်မှုရှိ/ မရှိ၊ လုပ်/ မလုပ် စစ်ဆေးခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်သည်။

အချို့ကျေးရွာများတွင် လိုအပ်ချက်များသည့်အလျောက် လိုအပ်သမျှ လုပ်ပေးပြီး အစစအဆင်ပြေပြီးကာမှ ရွာက အားမထည့်၊ တန်ဖိုးထားရကောင်းမှန်းမသိ၊ ကြိုးစားမှုမရှိဘဲ လိုအပ်သမျှ အကုန်တောင်း နေတတ်ကြသည်ကို တွေ့ရသည်။ အကြီးအကဲများကလည်း စေတနာအပြည့်ဖြင့် ရောက်လေရာအရပ်၏ လိုအပ်တာမှန်သမျှ အကုန်လုပ်ပေးချင်၊ လုပ်ပေးလိုကြသည်သာ။ စာရေးသူအနေဖြင့်မူ တင်ပြချက်များကို ပြန်လည်ဆွေးနွေးချိန်တွင် လုပ်ပေးသင့်သည့်အရာ၊ လုပ်ပေးရမည့် အရာကို အမှန်တကယ် လို/ မလို၊ စည်းမျဉ်း နှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်သုံးသပ်၍ အစဉ်ချပြ ဆွေးနွေးအကြံပြုပေးလေ့ ရှိပါသည်။ လက်ငင်းအကျိုး အတွက်သာမက ရေရှည်တည်တံ့စေရေးကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်ခြင်းကြောင့်လည်း ဖြစ်ပါသည်။ သည်နေရာတွင် ထည့်တွက် စဉ်းစားရမည်က ရေတိုအဆင်ပြေမှုနှင့် ရေရှည်အကျိုးကျေးဇူး၊ တစ်နည်းဆိုရသော် အဆင်သင့် ခူးခပ်စားရန် ဖန်တီးပေးခြင်းနှင့် ကိုယ်တိုင်ရှာဖွေစားသောက်တတ်စေရန် နည်းပေး လမ်းပြခြင်းတို့အနက် မည်သည့်နည်းက ပို၍ထိရောက် အကျိုးများစေမည် ဟူသည့်အချက်ပါပင်။

 

ကွန်ချက်

 

ရေရှည်ဖွံ့ဖြိုးရေးကို ဖော်ဆောင်လျှင် တောင်သူများကို နည်းလမ်းပေးရပါမည်။ စဉ်းစားတတ်အောင်၊ တွေးခေါ် တတ်အောင် သင်ကြားဆွေးနွေးပေးရပါမည်။ တောင်သူများကို “ငါတို့လုပ်နိုင်တယ် ဆိုသည့် မိမိကိုယ်ကို ယုံကြည်စိတ်ရှိလာအောင် လေ့ကျင့် ပျိုးထောင်ပေးရမည်ဖြစ်သည်။ ငါးဖမ်းမပေးဘဲ ငါးရှာနည်း ကွန်ချက်ကို သင်ပေးရမည်ဖြစ်သည်။ စပါး/ဆန် ပေးရမည်မဟုတ်ဘဲ အထွက်တိုးမျိုးရနိုင်မည့် နေရာ၊ အထွက်တိုးအောင် စိုက်ပျိုးသည့်နည်းလမ်းများကို လမ်းညွှန်သင်ပြပေးရမည်ဖြစ်သည်။ စိုက်ပျိုးရေး နည်းစနစ်များ သင်ကြားပေးရမည်။ ပေးသည့်နည်း အတိုင်း လုပ်/ မလုပ် စောင့်ကြည့်ရပါမည်။ ဈေးကွက် ချိတ်ဆက် ပေးရပါမည်။ သွင်းအားစုများ အရည်အသွေးပြည့်၊ ဈေးနှုန်းမှန်ဖြင့် အချိန်မီရစေရန် ချိတ်ဆက်ပေးရမည် ဖြစ်ပါသည်။

တောင်သူများ ကိုယ်တိုင်လုပ်၍ ရသည့်အရာများကို ကိုယ်တိုင်လုပ်ချင် လာစေရန် ဦးဆောင်လမ်းပြပေးရမည်က အစိုးရတိုင်း၏တာဝန်၊ သက်ဆိုင်ရာ ဝန်ထမ်းများ၏တာဝန် ဖြစ်ပါသည်။ တောင်သူများကိုယ်တိုင်လုပ်ရန် လက်လှမ်း မမီသည်များကိုသာ ထောက်ကူပေးသင့်ပါသည်။ တောင်သူနှင့် ပြည်သူက ကိုယ့်အလုပ်ကိုယ် မလုပ်လျှင် နိုင်ငံတော်ကို ဝန်ပို၊ ဝန်တိုးစေမည်ဖြစ်သည်။

 

မြေပြင်အမှန်အခြေအနေကို ပြန်တင်ပြ

 

နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ နွယ်ရစ်ကျေးရွာသို့ ခရီးစဉ်ဖြင့် ရောက်ရှိစဉ်မှာ စိုက်ပျိုးရေ အတွက် ဆိုလာပန့်ဖြင့် ရေတင်စနစ် ဆောင်ရွက်ပေးစေချင်ကြောင်း တင်ပြသည်။ ဒေသကလည်း နှစ်သီး၊ သုံးသီး စိုက်နိုင်သည့်ဒေသဖြစ်၍ ပြည်ထောင်စု ဝန်ကြီးကလည်း လုပ်ပေးမည်ဆိုသဖြင့် မိမိလည်း အသေးစိတ် အချက်အလက်များကို တိုးတိုးတိတ်တိတ် မေးမြန်းလေ့လာရတော့သည်။ ဆုံးဖြတ်ရာတွင် အထောက်အကူ ဖြစ်စေရန် မြေပြင်အမှန်အခြေအနေကို ပြန်တင်ပြနိုင်ဖို့လိုသည်ကိုး။

တွေ့ရှိချက်က ထိုရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေအတွက် ရေတွင်းတူးပေးထားပြီး ၁၀ တွင်းခန့်ရှိသည်။ လျှပ်စစ်မီးသွယ်တန်း ပေးထားပြီး Pump ဖြင့် ရေတင်စိုက်ပျိုး နိုင်အောင် ဆောင်ရွက်ပေးထားသည်။ သို့သော် လျှပ်စစ်မီတာခ မဆောင်၍ မီးဖြတ်ခံထားရသည်ဟူ၏။ ထို့ကြောင့် ဆိုလာတောင်းနေခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးထံ တွေ့ရှိချက်ကို ချက်ချင်းတင်ပြသည့်အခါ ပြည်ထောင်စု ဝန်ကြီးက “မီတာခဆောင်ပါ။ ဥပဒေနဲ့အညီ မီးခွန်၊ မီတာခ ဆောင်ရမယ်။ ဒါမှ တာဝန် ကျေမယ်။ လုပ်ပြီးသားဖြစ်လို့ နိုင်ငံ့ဘဏ္ဍာ ထပ်မကုန် သင့်ဘူး၊ ဆိုလာမလုပ်ပေးနိုင်ဘူး၊ မီတာခဆောင်ပါ။ လျှပ်စစ်မီးပြန်လွှတ်ပေးရန် ဌာနချင်း ချိတ်ဆက် ဆောင်ရွက်ပေးမယ်ဟု လမ်းညွှန်မှာကြားကာ ဆောင်ရွက်ပေးနိုင်သည့်အပိုင်းကိုပါ တစ်ပါတည်း ပြောကြားခဲ့သည်။ ယခုမူ မီတာခ ပြန်ဆောင်သဖြင့် လျှပ်စစ်မီးလည်းရ၊ ဒီဇယ်ဖိုးလည်း ကုန်စရာမလိုဘဲ လျှပ်စစ် ဖြင့် ရေတင်ရခြင်းဖြစ်၍ ကုန်ကျငွေ သက်သာသည့်အတွက် ဝင်ငွေလည်း တိုးနေပြီဖြစ်သည်ကို တွေ့ရသည်။

 

အသေးစားဆိုလာရေတင်စနစ်

 

ချောင်းပိတ်၊ မြောင်းပိတ်၍ စိုက်ပျိုးရေ ရစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယာယီရေတား တမံများ ဆောင်ရွက်ပေးသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အချို့နေရာများတွင် အသေးစားဆိုလာ ရေတင်စနစ်လုပ်ပေးသည်။ ဤသို့ဖြင့် နွေရာသီနှင့် ဆောင်းရာသီတွင် သီးနှံများ စိုက်ပျိုးလာနိုင်သည်ကို တွေ့ရသည်။

ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်ဆင်းစစ်သည့်အခိုက် ဝဲကြီးကျေးရွာတွင် ချောင်းထဲ၌ဝါးဖောင်လုပ်ပြီး ဖောင်ပေါ်တွင် ဆိုလာနှင့် Pump တင်ကာ ချောင်းဘေးတစ်လျှောက် ဘေးဘယ်ညာတွင်ရှိသည့် တောင်သူများ အလှည့်ကျရေပေး၍ စိုက်ပျိုးနေကြသည်ကိုတွေ့ရသည်။ နောက်ထပ်တစ်ခုလိုချင်ကြောင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့နိုင်ငံမှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိတယ်၊ လုပ်စရာတွေ အများကြီး ကျန်သေးတယ်၊ ခင်ဗျားတို့ ထပ်လုပ်ချင်ရင် ရင်းနှီးပေးမယ်၊ ပြန်ဆပ်ပါ။ ဘယ်လိုဆပ်ရမလဲဆိုရင် ခင်ဗျားတို့ ခုရေတင်တာ ဆီမကုန်ဘူး၊ ဆိုလာနဲ့မဟုတ်ရင် ဒီဇယ်ဖိုးကုန်တယ်မဟုတ်လား၊ ဒါကြောင့် တစ်ဧကကို တတ်နိုင်တဲ့နှုန်းနဲ့ ငွေကောက်ထား၊ စုထား၊ ရတဲ့ငွေနဲ့ နောက်တစ်ခုဝယ်ပါ ဟူ၍ ရှင်းပြပြောပြပြီး လမ်းညွှန်ခဲ့သည်။ ယခုမူ ဌာန၏လမ်းပြမှုဖြင့် ရွာတွင်ဆိုလာပန့်နောက်တစ်စုံကို ရွာ၏အစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး လည်ပတ်အသုံး ပြုနိုင်နေပြီဖြစ်သည်။

“ယခင်နှစ်က ဆောင်ရွက်ခဲ့သည့် ချောင်းပိတ်၊ မြောင်းပိတ် ဆိုလာရေတင် စိုက်ပျိုးရေးလုပ်ငန်းတွေကို ယခုနှစ်တွင် ဆက်လက်အသုံးပြု စိုက်ပျိုးခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးပြီး မစိုက်လျှင်၊ မလုပ်လျှင် စိုက်ပျိုးမည့်ဒေသ၊ အသုံးပြုမည့်နေရာသို့ ရွှေ့ပြောင်းအသုံးပြုမည် ဟု ပြည်ထောင်စု ဝန်ကြီးက တွန်းအားပေး မှာကြားလာခဲ့ပါသည်။ ဤစကားမှာ ပြောရမည့်စကားကို အားမနာတမ်း ဒေသအကျိုးအတွက် အမှန်တကယ် အကျိုးရှိစွာအသုံးပြု စိုက်ပျိုးစေလိုသော စေတနာဖြင့် အမုန်းခံ ပြောကြားရခြင်းလည်းဖြစ်ပါသည်။

မည်သည့်လုပ်ငန်းမဆို ဆောင်ရွက်ပြီးစီးသည့်နောက်ပိုင်း ပြင်ဆင်ထိန်းသိမ်းရေး မပျက်မကွက် လုပ်ဆောင်ရန်လိုအပ်သလို အကျိုးရှိအောင် အသုံးချတတ်ရန်လည်း လိုအပ်ပါသည်။ စဦးလုပ်ငန်း ကုန်ကျစရိတ်၏နောက်တွင် ပြင်ဆင်ထိန်းသိမ်းစရိတ်၊ ပြုပြင်စရိတ်များအတွက် လိုအပ်သည့်ငွေကြေးအတွက် ထိုက်သင့် သည့်နှုန်းထားဖြင့် အခွန်အခကောက်ခံသည့်နည်းလမ်းဖြင့် ကြိုတင်စီမံထားရှိ သင့်သည်။ ရေပေးရေးလုပ်ငန်းများတွင် ရေမီတာတပ်ဆင်ပြီး ရေခွန်ကောက်ခံလေ့ရှိခြင်းဖြစ်သည်။

 

ကျသင့်အခွန်အခများကို မပျက်မကွက် ပေးဆောင်ကြရန်လို

 

ရေခွန်မဆောင်စေဘဲ အခမဲ့လုပ်ပေး မည်ဆိုပါက အများအပြား လုပ်ပေးနိုင်မည်မဟုတ်။ အချို့သော မြစ်ရေတင် လုပ်ငန်းများတွင် ရေခွန်မဆောင်၍ လျှပ်စစ်မီတာခမဆောင်နိုင်၊ မီတာခမဆောင်၍ ဝင်ငွေအခွန်မရ၊ အခွန်မရသည့် အတွက် အသစ်လုပ်မပေးနိုင်၊ မလုပ်ပေးနိုင်၍ ရေမရ၊ ရေမရ၍ မစိုက်ပျိုးနိုင်၊ မစိုက်ပျိုးနိုင်၍ တောင်သူများ ဝင်ငွေမရ၊ တောင်သူများ ဝင်ငွေမတိုးသည့်အခါ နိုင်ငံ၏စီးပွားရေးပါထိခိုက် “ဂျာအေး သူ့အမေရိုက် ဖြစ်နေတော့သည်။ ထို့ကြောင့် ဆောင်ရွက်ပေးသူများဘက်မှလည်း လုပ်သင့်သည်ကို လုပ်ပေးရမည် ဖြစ်သကဲ့သို့ ပေးဆောင်ရမည့်သူများ ဘက်မှလည်း ကျသင့်အခွန်အခများကို မပျက်မကွက် ပေးဆောင်ကြရန်လိုပါသည်။ မည်သည့်လုပ်ငန်းတွင်မဆို လည်ပတ်ထိန်းသိမ်းရန်ပုံငွေရှိရမည်။ ပြုပြင် ထိန်းသိမ်းခြင်းလုပ်ရမည်။ သို့မှသာ ရေရှည်အသုံးပြုနိုင်ပြီး အကျိုးရှိမည်ဖြစ်သည်။

မကြာသေးမီက မကွေးတိုင်းဒေသကြီးအတွင်း ရွာတစ်ရွာသို့ ခရီးစဉ်ဖြင့်ရောက်ရှိခဲ့ရာ ရေအခက်အခဲ ဖြစ်နေကြောင်း ရွာကတင်ပြပါသည်။ ရေတွင်းနှစ်တွင်းရှိရာ တစ်တွင်းကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက လုပ်ပေးထားပြီး ပုံမှန်လည်ပတ်လျက်ရှိသည်ကို တွေ့ရသည်။ ကျန်တစ်တွင်းမှာ ယခင် စက်မှု လယ်ယာဦးစီးဌာနအောက်မှ ကျေးလက်ရေပေးရေးဌာနခွဲက လုပ်ပေးထားခြင်း ဖြစ်ပြီး Mono Pump စနစ်ဖြင့် တင်ခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ ပျက်နေကြောင်းတင်ပြကြသည်။ ရေစင်လည်းရှိသည်ကို တွေ့ရသည်။ ပြင်ဆင်ပေးရမည်က ရေကော်မတီနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့၏ တာဝန် ဖြစ်ပါသည်။

သို့သော် ဖြစ်စေချင်သည်/ ဖြစ်သင့်သည်က “ဌာန၏ မူဝါဒနှင့်အညီ ရေကော်မတီက ရေခွန်ရေခဘယ်လောက် ကောက်ခံထားရှိပြီး ရသည့်ငွေဖြင့် ဘာတွေသုံးထားတယ်။ လက်ကျန်ငွေဘယ်လောက်ရှိတယ်။ ပြင်ဆင်စရိတ် ဘယ်လောက်ထပ်လိုလို့ ကူညီဆောင်ရွက်ပေးပါဆိုသည့် တာဝန်ယူမှု၊ တာဝန်ခံမှုပါသော တင်ပြချက်မျိုး။ ဒီလိုတင်ပြချက်မျိုးလိုအပ်သည်။

 

တာဝန်ယူ တာဝန်ခံမှုအားကောင်းသည့် ကော်မတီများနှင့် ချိတ်ဆက်

 

အတွေ့အကြုံအရမူ မကွေးတိုင်းဒေသကြီးတွင် ရေကော်မတီများ အားကောင်းပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော် ကတည်းက ရေမီတာစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် ကျေးရွာများမှ ပူးပေါင်းပါဝင် လုပ်ဆောင်ခဲ့ကြသည့်ဒေသ။ ယခုလိုအားနည်းသည့်ကော်မတီမျိုးကို အားသာသည့်၊ စီမံခန့်ခွဲမှု၊ တာဝန်ယူ တာဝန်ခံမှုအားကောင်းသည့် ကော်မတီများနှင့် ချိတ်ဆက်ပေးပြီး “ကွန်ချက် ပြရပေဦးမည်။

ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူများဘက်ကလည်း လုပ်ချင် ကိုင်ချင်စိတ်ရှိ ရန်လိုပါသည်။ ပူးပေါင်းပါဝင်လိုစိတ်ရှိရ ပါမည်။ “အမှန်တကယ် ပူးပေါင်းဆောင်ရွက် လာအောင်၊ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ယူတတ်အောင်၊ နိုင်ငံသား တာဝန်ကျေသည်ကို ဂုဏ်ယူတတ်အောင်၊ ဒီရွာက တာဝန်ကျေတယ်၊ ဒီရွာက စည်းကမ်းသတ်မှတ်ချက်တွေ လိုက်နာတယ်ဆိုတာမျိုး သတ်မှတ်ခံရသည်ကို ဂုဏ်ယူတတ်အောင် လေ့ကျင့်သင်ကြားပေးရပါမည်။ အသိအမြင်၊ အတွေးအခေါ်၊ ခံယူချက်များ မှန်ကန်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာအောင် လေ့ကျင့်သင်ကြား ပေးကြရပါမည်။ စိတ်ပိုင်းဆိုင်ရာခံယူချက် စိတ်ဓာတ်က အလွန်အရေးကြီးသည်ဖြစ် ရာ စည်းလုံးညီညွတ်ကြရန်၊ တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်အတွက် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် လုပ်နိုင်သည် ဟူသော “ကျေးရွာစိတ်ဓာတ်ကို ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတိုင်းတွင် လေ့ကျင့်ပျိုးထောင်ပေးလျက် ရှိပါသည်။

နိုင်ငံတော်နှင့် ဌာနအသီးသီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးရေးအတွက် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ကိုယ့်အားကိုယ်ကိုးတတ်လာစေရန်၊ လုပ်ချင်ကိုင်ချင်စိတ် ရှိလာစေရန်၊ တကယ်လုပ်လျှင် တကယ်ပံ့ပိုးသည့် အကျိုးဖြစ်ထွန်းမှုနှင့် ဆွဲဆောင်သည့် နည်းလမ်းဖြင့် “ကွန်ချက်များကို သင်ကြားပြသပေးကြရမည် ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။