ကျွန်းလှ ဩဂုတ်၂၁
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်တွင် ယခုနှစ်တွင် စပါးအပြင် သီးနှံမျိုးစုံ ဧက ၇၂၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
သီးနှံမျိုးစုံ ၇၆၉၇၈ ဧက စိုက်ပျိုးဖို့ လျာထား
“ ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ဒီနှစ်မိုးရာသီ သီးနှံမျိုးစုံ ၇၆၉၇၈ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ယနေ့အထိ စပါး ၂၉၅၇၂ ဧက၊ ပဲမျိုးစုံ ဧက ၁၆၉၆၀၊ ဆီထွက်သီးနှံ ၇၃၂၄ ဧက၊ အခြား သီးနှံ ၁၇၄၂၆ ဧက၊ နှစ်ရှည်ပင် ၁၅၄၉ ဧက စုစုပေါင်း ၇၂၈၃၁ ဧက (၉၄ ဒသမ ၆၁ ရာခိုင်နှုန်း) စိုက်ပျိုးပြီးဖြစ်ပါ တယ်။ လျာထားချက် ပြည့်မီရေးအတွက် ဆက်လက်စိုက်ပျိုးနေကြပါတယ်”ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။ အဆိုပါမိုးစပါးနှင့် သီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းပြီး ပန်းတိုင်အထွက်နှုန်း ရရှိစေရန်အတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲရေး၊ ပိုးမွှားကျရောက်မှုကြိုတင် ကာကွယ်ရေးနည်းလမ်းများ ကွင်းဆင်းအသိပညာ ပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုး ထုတ်လုပ်ကြကြောင်း၊ ဒေသခံပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ပြီး အလုပ်အကိုင် အခွင့်လမ်းများ ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


