ဝင်းဇင်(သုတေသန)
လူတိုင်းသည် သက်ရှည်ကျန်းမာလိုကြသည်။ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ လူတို့သည် ကျန်းမာရေးတန်ဖိုးကို မကျန်းမာသည့်အချိန်မှသာ သိရှိကြသည်။ လူတစ်ဦးသည် ငွေကြေးဓနပြည့်စုံနေသော်လည်း ကျန်းမာရေး ချို့ယွင်းနေမည်ဆိုလျှင် ဘဝသည် အဓိပ္ပာယ်မဲ့နေတတ်သည်။ လူတိုင်းသည် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေထိုင်လိုကြသည်။ သို့သော် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်လေ့မရှိဘဲ စိတ်အလိုလိုက်ပြီး စားသောက်နေထိုင်တတ်ကြသည်။ ရလဒ်အနေဖြင့် ကျန်းမာရေးချူချာလာကာ လူ့ဘဝကြီးမှ အချိန်မတိုင်မီ ထွက်ခွာသွား ကြရသည်။
ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲများ
နိုင်ငံတစ်ဝန်းတွင် အပတ်စဉ် စနေနေ့တိုင်း ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျှောက်ပွဲများ ပြုလုပ်လျက်ရှိသည်။ ယခုနှစ် ဒီဇင်ဘာလအတွင်း စုပေါင်းလမ်းလျှောက်ပွဲ လေးကြိမ် ပြုလုပ်သွားမည်ဖြစ်သည်။ လူတိုင်းနေ့စဉ် မိနစ် ၃ဝ ခန့် လမ်းလျှောက်ဖြစ်အောင် ကြိုးစားကြည့် စေချင်ပါသည်။ တချို့သောသူများသည် လမ်းလျှောက်ခြင်းကို ဆောင်းရာသီရောက်ရှိမှသာ ပြုလုပ်ရသည်ဟု ယူဆထားကြသည်။ အမှန်စင်စစ်မှာမူ လူတစ်ဦးသည် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး ပုံမှန် လမ်းလျှောက်သင့်ပါသည်။ စင်စစ်အားဖြင့် လူတစ်ဦးသည် ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနေမှသာလျှင် ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းသော မြို့ပြနေရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အသက် ၃ဝ ကျော်လာသူများသည် နေ့စဉ်လမ်းလျှောက်သည့် လေ့ကျင့်ခန်းပုံမှန်လုပ်သင့်သည်။ နေ့စဉ် လုပ်ငန်းတာဝန်များကို စိတ်ဓာတ်တက်ကြွစွာဖြင့် စွမ်းအားပြည့် ထမ်းဆောင်နိုင်ရန်အတွက် စိတ်နှလုံးရွှင်လန်းချမ်းမြေ့မှုရှိနေရန် လိုအပ်ပေသည်။ စိတ်ရွှင်လန်းတက်ကြွနေစေရန်အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပြုလုပ်ရန်လိုအပ်ပါသည်။ ထိုသို့ကိုယ်လက်လှုပ်ရှားမှုအတွက် ငွေကြေးကုန်ကျမှုမရှိသည့် ရိုးရှင်းသော အားကစားနည်းမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။
လမ်းလျှောက်ခြင်းသည် လွတ်လပ်ပေါ့ပါးပြီး လုပ်ဆောင်ရလွယ်ကူသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိသည့် ကျန်းမာရေးကို အထောက်အကူပြုသော လေ့ကျင့်ခန်းပုံစံပင်ဖြစ်သည်။ ထို့ပြင်လမ်းလျှောက်ခြင်းသည် လွတ်လပ်လွယ်ကူစွာ ဆောင်ရွက်နိုင်သဖြင့် အသက်အရွယ်မရွေး လုပ်ဆောင်နိုင်သည့် လေ့ကျင့်ခန်းလည်း ဖြစ်သည်။
အကျိုးကျေးဇူးများစွာ
နှလုံးအားကောင်းစေခြင်း။ ပုံမှန်လမ်းလျှောက်ခြင်းသည် နှလုံးရောဂါနှင့် လေသင်တုန်းဖြတ်ရောဂါ ဖြစ်ပွားနိုင်မှုအလားအလာကို လျှော့ချနိုင်ခြင်း၊ သွေးကြောများ ကြွပ်ဆတ်မာကြောမှုဖြစ်ပေါ်စေနိုင်သည့် သွေးထဲရှိ ကိုလက်စထရောများကို လျှော့ချစေနိုင်ခြင်း၊ ထို့ပြင် နှလုံးခုန်နှုန်းပုံမှန်ဖြစ်လာစေခြင်း၊ သွေးလည်ပတ်မှုစနစ်များအား ပုံမှန်အလုပ်လုပ်စေသည့် သွေးများထုတ်လွှတ်ပေးခြင်း၊ မိနစ် ၃ဝ ခန့် ခပ်သွက်သွက်လမ်းလျှောက်ခြင်းဖြင့် သွေးတိုးရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်းနှင့် လေဖြတ်နိုင်မှုအလားအလာကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်သည်ဟု ဆေးပညာရှင်များက ဆိုထားပါသည်။
အထွေထွေရောဂါဖြစ်ပွားမှုလျှော့ချနိုင်ခြင်း။ လမ်းလျှောက်ခြင်းသည် နှလုံးရောဂါကို ကာကွယ်နိုင်သည့်အပြင် ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် တချို့သော ကင်ဆာရောဂါများဖြစ်ပွားလာနိုင်မှုကိုပင် လျှော့ချနိုင်ခြင်း၊ ဆီးချိုရောဂါကုသရာတွင် အထောက်အကူဖြစ်ခြင်း၊ ပုံမှန်လမ်းလျှောက်လျှင် ရောဂါဖြစ်ပွားမှု ၆ဝ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည့်အပြင် အူမကြီး၊ ရင်သားနှင့် ဝမ်းဗိုက်တို့တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်မှု အလားအလာကိုပင် ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါသည်။
ကိုယ်ခန္ဓာအလေးချိန်ထိန်းထားနိုင်ခြင်း။ ခန္ဓာကိုယ်အလေးချိန်လျှော့ချနိုင်ရန်အတွက် နေ့စဉ် စားသုံးထားသည့် ကယ်လိုရီများ လောင်ကျွမ်းကုန်ဆုံးသွားရန် လိုအပ်ပါသည်။ ကယ်လိုရီများ လောင်ကျွမ်းကုန်ဆုံးရန် ရိုးရှင်းလွယ်ကူသည့် နည်းလမ်းသည် နေ့စဉ် ခပ်မြန်မြန်လမ်းလျှောက်ခြင်းဖြစ်သည်။ လမ်းလျှောက်ခြင်းသည် ကြွက်သားများကို တောင့်တင်းသန်မာလာစေပြီး အစာခြေဖျက်မှု၊ စွန့်ထုတ်မှု စသည့်ဇီဝဖြစ်စဉ်များ ပိုမိုလျင်မြန်လာစေသဖြင့် အနားယူနေသည့်တိုင်အောင် ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ပေသည်။
သူငယ်ပြန်ရောဂါကာကွယ်နိုင်ခြင်း။ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အို ၁၄ ဦးတွင် တစ်ဦးခန့်နှင့် အသက် ၈ဝ အထက် ခြောက်ဦးတွင် တစ်ဦးခန့်သည် သူငယ်ပြန်ရောဂါခံစားရလေ့ရှိသည်ဟု ဆိုပါသည်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုရှိသူများသည် ဦးနှောက် လုပ်ငန်းစဉ်အပေါ် ဆိုးကျိုးသက်ရောက်မှုများအား ကာကွယ်ပေးနိုင်သည့်အပြင် သူငယ်ပြန်ရောဂါဖြစ်ပွားနိုင်မှုကို ၄ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြင်းနှင့် ရက်သတ္တပတ်လျှင် ခြောက်မိုင် သို့မဟုတ် ထို့ထက် ပို၍လမ်းလျှောက်သည့် သယ်ကြီးရွယ်အိုတစ်ဦးသည် ဦးနှောက် ကျုံ့လာခြင်းကို ရှောင်ရှားနိုင်သဖြင့် မှတ်ဉာဏ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားနိုင်ပါသည်။
အရိုးပွရောဂါကာကွယ်နိုင်ခြင်း။ လမ်းလျှောက်ခြင်းသည် အရိုးများက ကိုယ်ခန္ဓာအလေးချိန်အား သယ်ဆောင်သည့်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ရပ်လည်းဖြစ်နေသောကြောင့် ကျောရိုးများကို သန်မာတောင့်တင်းစေခြင်း၊ အထူးသဖြင့် အမျိုးသမီးများကို ပိုမိုအကျိုးပြုခြင်းနှင့် ကိုယ်ခန္ဓာအရိုး၊ အဆစ်များ သန်မာစေနိုင်သော ကြောင့် အဆစ်ရောင်နာရောဂါမျိုးကို ကာကွယ်ပေးနိုင်ပါသည်။
ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးနိုင်ခြင်း။ ခပ်သွက်သွက်လမ်းလျှောက်ခြင်းသည် သဘာဝမှ စွမ်းအင်ထုတ်လုပ်နိုင်သည့် နည်းလမ်းများအနက် အကောင်းဆုံးသောနည်းလမ်းပင်ဖြစ်သည်။ ထိုသို့ ခပ်သွက်သွက် လမ်းလျှောက်ခြင်းသည် သွေးလည်ပတ်မှုမြန်ဆန်လာပြီး ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်အသီးသီးကို အောက်ဆီဂျင်အပြည့်အဝ ထောက်ပံ့ပေးနိုင်သဖြင့် ပိုမိုတက်ကြွလန်းဆန်းလာစေပါသည်။ ထို့ပြင် တောင့်တင်းနေသော အရိုး၊ အဆစ်များနှင့် ကြွက်သားများ ပြေလျော့လာသောကြောင့် နှေးကွေးထိုင်းမှိုင်းမှုခံစားချက်များကို လျော့ကျစေနိုင် သည်။
ခြေထောက်များ၏လှုပ်ရှားမှုဟန်ချက်ထိန်းနိုင်ခြင်း။ နည်းစနစ် မှန်ကန်စွာလမ်းလျှောက်ခြင်းသည် ခြေထောက်များ ကြံ့ခိုင်သန်မာလာပြီး ခြေသလုံးကြွက်သားများ၊ တံကောက်ကြောများကို သန်မာစေနိုင်ခြင်း၊ အထူးသဖြင့် တောင်တက်သည့်အခါ တင်ပါးဆုံကြွက်သားများကို မြှင့်တင်ပေးနိုင်ခြင်းနှင့် လမ်းလျှောက်သည့်အနေအထားကိုစနစ်တကျ အာရုံစိုက်ပြီး လေ့ကျင့်သွားမည်ဆိုလျှင် ခန္ဓာကိုယ် ကျစ်လျစ်သွယ်လျစေနိုင်ပါသည်။
လက်မောင်းများတောင့်တင်းသန်မာလာခြင်း။ လမ်းလျှောက်မှု အရှိန်ကို လက်မောင်းများမှတစ်ဆင့် မြှင့်တင်ပေးနိုင်သည်။ လမ်းလျှောက်စဉ် လက်မောင်းနှစ်ဖက်ကို သက်သောင့်သက်သာထားပြီး တံတောင်ဆစ်မှ ကွေးညွှတ်လျက် ရှေ့ / နောက်အပြည့်လွှဲရမ်းပေးမည်ဆိုလျှင် အလိုအလျောက်မြန်လာမည်ဖြစ်သည်။ ဤကဲ့သို့ ဟန်ချက်ညီညီ လမ်းလျှောက်မှုသည် လက်မောင်းများ၊ ပခုံးများနှင့် နောက်ပိုင်းကျောရိုးများကို တောင့်တင်းသန်မာလာစေနိုင်သည်။
ဗီတာမင်ဒီသိုလှောင်နိုင်မှုမြှင့်တင်ပေးနိုင်ခြင်း။ နေရောင်ခြည်အောက်တွင် လမ်းလျှောက်ပါက ကိုယ်ခန္ဓာအတွင်း ဗီတာမင်ဒီ သိုလှောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ဗီတာမင်ဒီကို အစား အသောက်မှရရှိရန်ခက်ခဲသော်လည်း နေရောင်ခြည်နှင့်ထိတွေ့ပါက ပေါင်းစပ်ထုတ်ယူနိုင်သည်။ ဗီတာမင်ဒီသည် ကျောရိုးမကြီးကို ကြံ့ခိုင်သန်မာစေသည့်အပြင် ကိုယ်ခန္ဓာခုခံအားအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အာဟာရဓာတ်တစ်မျိုးလည်းဖြစ်သည်။ အနည်းငယ် နေပူဆာလှုံပေးခြင်းသည် လုံလောက်သော ဗီတာမင်ဒီ ထုတ်လုပ်နိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည်ဟု ဆေးဘက်ပညာရှင်များက အကြံပြုထားသည်။
စိတ်ဖိစီးမှုများနှင့် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်
ကိုယ်လက်လှုပ်ရှားခြင်းသည် တွေးခေါ်မြော်မြင်နိုင်စွမ်းကို တိုးတက်အောင် ဆောင်ရွက်နိုင်သည်။ ခပ်သွက်သွက်လမ်းလျှောက်သည့် လေ့ကျင့်ခန်းအား ပုံမှန်ပြုလုပ်ခြင်းသည် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းကဲ့သို့သော ညှိုးနွမ်းထိုင်းမှိုင်းနေမှုများကို ကာကွယ်ရာတွင် ထိရောက်သည့်နည်းလမ်းတစ်ခုပင် ဖြစ်သည်။ တက်ကြွသည့် ကိုယ်လက်လှုပ်ရှားမှုသည် သွေးကြောများအတွင်းသို့ ကောင်းမွန်သော စိတ်ခံစားချက်များ ထုတ်လွှတ်ပေးသဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်သည်။
လူမှုရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို မကြာခဏ လုပ်ဆောင်သင့်ပြီး စုပေါင်းလမ်းလျှောက်ခြင်း သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများနှင့်တွေ့ဆုံပြီး ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုခြင်းသည် အထီးကျန်ဆန်မှုနှင့် အဖော်မဲ့မှုခံစားချက်များကို ဖယ်ရှားပစ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းပင်ဖြစ်သည်။ စိတ်ရောဂါခံစားနေရသူများကိုပင်လျှင် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်။
နေအိမ်ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ပြီး အစိမ်းရောင်ရှုခင်းများကို ကြည့်ရှုခံစားခြင်းသည်လည်း သက်ရှည်ကျန်းမာမှုအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။
လူသားတို့သည် နေ့စဉ်စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား နေကြရသည်။ ထိုသို့ ရုန်းကန်နေကြရသဖြင့် တစ်ကိုယ်ရေကျန်းမာရေးကို မေ့လျော့လာတတ်ကြသည်။ အကျိုးဆက်အနေဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အသည်းအဆီဖုံး စသည့်ရောဂါ တစ်မျိုးမျိုးဖြစ်လာတတ်သည်။ ထို့ကြောင့် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေနိုင်ရန်အတွက် နေ့စဉ် အနည်းဆုံး မိနစ် ၃၀ ခန့်မျှ လမ်းလျှောက်သင့်သည်။ ကျန်းမာခြင်းသည် လူတိုင်းအတွက် လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ ကျန်းမာနေသူတစ်ဦးသည် စိတ်သွား တိုင်းကိုယ်ပါကြသည်။ ကိုယ်လက်လှုပ်ရှားအားကစား လုပ်ဆောင်မှုနည်းပါးပြီး အထိုင်များခြင်းကြောင့် ရောဂါတစ်မျိုးမျိုးခံစားနေရသူ တစ်ဦးသည် လူဖြစ်ရှုံးပြီး လူ့လောကကြီးမှ အချိန်မတိုင်မီ ထွက်ခွာ သွားရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာသက်ရှည်ပြီး မိသားစုများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ သက်တမ်းစေ့နေထိုင်နိုင်ရေးအတွက် နေ့စဉ်ပုံမှန်လမ်းလျှောက်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကိုးကား
(1) https://www.healthline.com/health/exercise-fitness/benefits-of-walking
(2) https://www.arthritis.org/health-wellness/healthy-living/physical activity/walking/ 12-benefits-of-walking


