မော်ကျွန်း-မြင့်အောင်

 

စာရေးသူ ရန်ကုန်မြို့သို့ မရောက်သည်မှာ ငါးနှစ်ခန့် ရှိပြီဖြစ်သည်။ လာချင်အနီးကလေး၊ မလာချင်ခရီးဝေး ဆိုသည့်စကားအတိုင်းပင်ဖြစ်သည်။ ဤကာလအတွင်း မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို နေ့စဉ်ထုတ်သတင်းစာ၊ မြန်မာ့ရုပ်မြင်သံကြားနှင့် မြန်မာ့အသံတို့မှတစ်ဆင့် ကြားသိတွေ့မြင်ခဲ့ရသည်။

 

ထို့ကြောင့်လည်း မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားအား ကိုယ်တိုင်ကိုယ်ကျ တွေ့လို မြင်လိုသည်။ တစ်ဝကြီး ကြည့်ရှုလိုသည်။ ဤဆန္ဒ စာရေးသူ၏စိတ်တွင် ပြင်းပြင်းပြပြ ဖြစ်ပေါ်ခဲ့ပါသည်။

 

စာရေးသူ၏ ဆန္ဒပြည့်ဝခဲ့ပါသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့က စာရေးသူ၏ မိတ်ဆွေဖိတ်ကြား ချက်အရ ရန်ကုန်မြို့၏ ဘုရားဖူးခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့ပါသည်။ 

 

နံနက် ၄ နာရီ ၁၀ မိနစ်တွင် စာရေးသူတို့ စီးနင်းလိုက်ပါသော ပရိုဘောက် (Probox) ကား ကလေးမှာ အအေးဓာတ်ကိုအန်တုပြီး အမောတကော ပြေးလွှားနေသည်။ မော်လမြိုင်ကျွန်းမြို့၏ နံနက်စောစော ဆောင်းအအေးဓာတ်မှာ ချမ်းစိမ့်စိမ့်မျှသာရှိသည်။ ဆောင်းမပီသတော့၊ လမ်းများပေါ်သို့ နှင်းခိုးနှင်းငွေ့များလည်း ဖြတ်သန်းလွှမ်းမိုးမှု မရှိတော့ပါ။ ခရီးလမ်းတစ်လျှောက် ကျိုက်ပိ၊ လှိုင်းတာ၊ ရွှေတောင်မော်၊ ရေလဲကလေးတို့ကို ဖြတ်သန်း ပြီးသောအခါ မအူပင်မြို့သို့ နံနက် ၆ နာရီတွင် ရောက်ရှိကြသည်။ မအူပင်မြို့မှာ နိုးထစပင် ရှိသေးသည်။

 

ထိုမှတစ်ဆင့် မအူပင်မြို့မှ နံနက် ၇ နာရီတွင် ခရီးဆက်ဖြစ်သည်။ မအူပင်မြို့ကို နှုတ်ဆက်ပြီး ကားလေးမှာ ပြေးလမ်းအတိုင်း အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေသည်။ ကားလမ်းဘေး ဝဲယာ တစ်လျှောက် ရွှေဝါရောင်စပါးခင်းများမှာ ရိတ်သိမ်းပြီး၊ ရိတ်သိမ်းဆဲမြင်ကွင်းများကို တွေ့မြင်ရသည်။ နိုင်ငံစပါးကျီ တိုင်းဧရာဝတီ၏ လယ်ယာကဏ္ဍ စိုက်ပျိုးသီးနှံ ဖြစ်ထွန်းအောင်မြင်မှု မြင်ကွင်းများပင် ဖြစ်ပါသည်။

 

နံနက် ၉ နာရီတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြသည်။ ပရိုဘောက်ကားကလေးမှာ လှိုင်သာယာ မြို့မှ ဘုန်းကြီးလမ်းသို့ ဦးတည်မောင်းနှင်ခဲ့သည်။ နံနက်ပိုင်း ချမ်းစိမ့်စိမ့်အအေးဓာတ်မှာ ဘယ်ဆီသို့ ရှောင်ပြေးပုန်းခိုသွားမှန်းမသိတော့။ နေပူရှိန်၏ အပူဓာတ်မှာ သိသိသာသာ နေရာဝင်ယူလာသည်။

 

မကြာမီ ရန်ကုန်မြို့ ဘုန်းကြီးလမ်းအောက် ဘလောက်ဆီသို့ ကားကလေး လှမ်းဝင်လိုက်သော အခါ မြင်ရသည့်မြင်ကွင်းမှာ ဝမ်းသာကြည်နူးစရာ ကောင်းလှသည်။ မြင့်မားခန့်ထည်လှသော ရန်ကုန်- ဒလမြစ်ကူး မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီးကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပါတော့သည်။

 

အားပါးပါး...။ လှပခံ့ညား မြင့်မားထည်ဝါလှသည့် တံတားကြီးပါလားဟု စာရေးသူ မှတ်ချက် ချမိသည်။ သံမဏိကြိုးဆိုင်းတံတားများအနက် ဤတံတားကြီးမှာ မြန်မာနိုင်ငံတွင် အကြီးဆုံး ဖြစ်မည်။ ဤမျှကြီးမားသော သံမဏိကြိုးဆိုင်း တံတားကြီးမျိုး ယခုမှပင် တွေ့ဖူးမြင်ဖူးခြင်း ဖြစ်သည်။

 

ဤတံတား တည်ဆောက်ဖွင့်လှစ်ပြီးပါက ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို အတိုင်း အတာတစ်ခုအထိ လျော့ပါးသက်သာသွားစေမည်ဟု ထင်မိသည်။

 

စာရေးသူမှာ ရောက်တုန်းရောက်ခိုက်မို့ ဒလဘက်ကမ်းမှ ရန်ကုန်မြစ်ကို ဖြတ်ကျော်တည် ဆောက်ထားသော မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကြီးအား မှတ်တမ်းတင်မိသည်။ ဒလဘက်ကမ်းမှ ရန်ကုန်ကမ်းနားလမ်းနှင့် ဘုန်းကြီးလမ်းဘက်သို့ ဖြတ်ကျော်လာသော တံတားမြင်ကွင်း၊ ဘုန်းကြီးလမ်းတစ်လျှောက် တံတားမြင်ကွင်းနှင့် ဘုန်းကြီးလမ်းအထက် ဘလောက်မှနေပြီး ကမ်းနားဘက်ခြမ်း တည်ဆောက်ထားသော တံတားမြင်ကွင်း စသည် စသည်ဖြင့် ထောင့်စုံဘက်စုံ မှတ်တမ်းတင်မိပါသည်။

 

ဤမျှ ဂုဏ်ကျက်သရေရှိလှသော၊ လှပခံ့ညားသည့် တံတားကြီး ဖြစ်ထွန်းပေါ်ပေါက်လာပုံကို သိချင်စိတ်ဖြင့် စူးစမ်းမိပါသည်။

 

မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတား ဖြစ်ပေါ်လာပုံမှာ ၂၀၁၂ ခုနှစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးစီမံကိန်းတစ်ခု အကောင်အထည်ဖော် ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၁၃ ခုနှစ် တွင် ဒလတံတားစီမံကိန်း စတင်အကောင်အထည်ဖော်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန် အကြိုအင်ဂျင်နီယာ လုပ်ငန်းများ၊ ပုံစံထုတ်ခြင်းလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဤသို့ အဆင့်ဆင့် ကြိုးပမ်းအားထုတ် အကောင်အထည်ဖော်မှုများ ကြောင့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားကြီး ငွားငွားစွင့်စွင့် အောင်မြင်စွာ ရုပ်လုံး ပေါ်ပေါက် တည်ဆောက်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိခွင့်ရခဲ့သည်။

 

တံတားကြီးသည်ကား သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge) အမျိုးအစား တံတားဖြစ်သည်။ တံတားမှာ လေးလမ်းသွားဖြစ်သည်။ ပင်မ တံတားအရှည်မှာ ၂၂၆၄ ပေ ရှိပြီး ရန်ကုန်ဘက် ချဉ်းကပ်တံတားအရှည်မှာ ၁၈၉၁ ပေ၊ ဒလဘက်ကမ်းချဉ်းကပ်တံတား အရှည်မှာ ၁၉၇၂ ပေ ဖြစ်သည်။ ရန်ကုန်ဘက်ကမ်းနှင့် ဒလ ဘက်ကမ်း ချဉ်းကပ်လမ်းအရှည်မှာ ၃၄၅၃ ပေ ဖြစ်သည်။

 

ထို့ကြောင့် တံတားတစ်စင်းလုံး၏ စုစုပေါင်း တံတားအရှည်မှာ ၆၁၂၇ ပေ ဖြစ်သည်။ 

 

ရေလမ်းကင်းလွတ်အမြင့်ဆုံး

 

ယခုအခါ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့သည့် သံမဏိကြိုးဆိုင်းတံတားများအနက် မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားမှာ ရေလမ်းကင်းလွတ်အမြင့်ဆုံး တံတားပင်ဖြစ်သည်။

 

ယင်း(ဒလ)တံတားအောက်မှ တန်ချိန် ၁၅၀၀၀ ရှိသည့် နိုင်ငံတကာ ပင်လယ်ကူးသင်္ဘောကြီးများနှင့် ပြည်တွင်းရေကြောင်းသွား သင်္ဘောကြီးများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းအသုံးပြုနိုင်ကြမည်။ ယင်းတံတား၏ ရေလမ်းကင်းလွတ်မှာ အမြင့်ပေ ၁၆၀၊ အကျယ် ပေ ၉၉၀ ရှိသည်။


ထို့ပြင် တံတားပေါ်မှ ဖြတ်သန်းမောင်းနှင်ကြမည့် ယာဉ်များအနေဖြင့် သတိပြုရန်အချက်မှာ တံတားခံနိုင်ဝန်ဖြစ်သည်။ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်ပါသည်။ ယင်းတံတားကြီး ရေရှည်တည်တံ့ ခိုင်မြဲစွာ အသုံးပြုနိုင်စေရေးအတွက် စည်းကမ်းနှင့်အညီ ပြည်သူတိုင်းက ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြဖို့ အထူးလိုအပ်ပါသည်။ 

 

ဆက်သွယ်ရေးရလဒ်ကောင်း

 

ဤတံတားကြီး တည်ဆောက်နိုင်ခဲ့ခြင်းကို ဂုဏ်ယူမိပါသည်။ တံတားတည်ဆောက်နိုင်ခဲ့ခြင်း တို့ကြောင့် မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာ ပုံစံထုတ်ခြင်း၊ တည်ဆောက်ခြင်း၊ ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့် အတွေ့အကြုံများ ရရှိနိုင်ကြမည် ဖြစ်ပါသည်။

 

မကြာမီကာလအတွင်း တံတားကြီး အချောသတ် တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့ပါက အဓိက အားဖြင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများပါ အချိန်နှင့်တစ်ပြေးညီ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်သွားတော့မည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး၏ အကျိုးရလဒ်ကောင်းများကို ပြည်သူများ လက်တွေ့ခံစားကြရမည် ဖြစ်ပေသည်။

 

ယင်းတံတားကြီးနှင့် တိုက်ရိုက်ထိစပ်နေသော ရန်ကုန်မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ၊ ဒေးဒရဲမြို့မှ တိုက်ရိုက်ထိစပ်နေသော ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နှင့် ကမ်းခြေဒေသများ၊ ဘိုကလေး- မော်လမြိုင်ကျွန်းမြို့တို့နှင့် တိုက်ရိုက်ထိစပ်နေသော ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ အိမ်မဲ၊ မအူပင်နှင့် ပုသိမ်မြို့များအထိ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ ချိတ်ဆက်သွားလာနိုင်ကြမည်ဖြစ်သည်။

 

ထိုမျှမက မော်လမြိုင်ကျွန်း-ဘိုကလေးဒေသများနှင့် တိုက်ရိုက်ထိစပ်နေသော ပင်လယ်ပိုင်း ဒေသမှ ပင်လယ်ဒေသ ထွက်ကုန်၊ ရေထွက်ပစ္စည်း မျိုးစုံတို့ကိုလည်း အချိန်တိုကာလအတွင်း ဆက်သွယ် ပို့ဆောင် ရောင်းဝယ်ဖောက်ကားနိုင်ကြမည် ဖြစ်ပေသည်။

 

ဤသို့ဖြင့် တံတားကြီး၏ အကျိုးပြုမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ခရီးသွားပြည်သူများသည် ရန်ကုန်မြို့၏ အလယ်ဗဟိုရပ်ဝန်းဖြစ်သော ရန်ကုန်ဘုန်းကြီးလမ်း ပတ်ဝန်းကျင်ဒေသများသို့ အချိန်တိုတိုဖြင့် တိုက်ရိုက်ရောက်ရှိ သွားလာဆက်သွယ်နိုင်ကြတော့မည် ဖြစ်ပါသည်။

 

ဤသို့ဆိုလျှင် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားကြီးသည်ကား ရန်ကုန်မြို့၏ အထင်ကရ ပြယုဂ်ပင် ဖြစ်ပေတော့သည်။


အထူးပြုတင်ပြရလျှင် ရန်ကုန်မြစ်ကို ဖြတ်ကျော်တည်ဆောက်ထားသော ထိုတံတားကြီး၏ အကျိုးပြုမှုကြောင့် တိုင်းဒေသကြီးများရှိ ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများပါ တိုးတက်ပြောင်းလဲလာတော့မည်ဖြစ်ရာ မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ) တံတားကြီး တည်ဆောက်နေမှုကို ဂုဏ်ပြုရေးသားတင်ပြလိုက် ရပါသည်။      ။