သဲဟန်(ဘန်ကောက်)
ကျွန်ုပ်တို့စိတ်ကူးယဉ် မျှော်လင့်မိပါသည်။
ကျွန်ုပ်တို့ မျှော်လင့်နေသော နိုင်ငံတော်၊ ကျွန်ုပ်တို့ မျှော်လင့်နေသော နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမား ဘယ်လိုတွေများ ဖြစ်လာကြဦးမှာပါလိမ့်။
ကျွန်ုပ်တို့ မျှော်လင့်နေသော နိုင်ငံရေးသမားများက နိုင်ငံရေးလုပ်စားသူများ မဖြစ်စေလိုပါ။ နိုင်ငံကို မိမိအရေးအတွက် လုပ်စားသူများ မဖြစ်စေလိုပါ။ နိုင်ငံ၏ အရေးကို ရေရှည်မြော်တွေးနိုင်သော၊ Vision ရှိသော Mission သာ ဖြစ်စေလိုပါသည်။
ကျွန်ုပ်တို့နိုင်ငံ၏ လားရာကို ပဲ့ကိုင်မည့် နိုင်ငံရေးသမားများသည် လူသားဆန်သော၊ စိတ်ကောင်းနှလုံးကောင်းရှိသူများသာ ဖြစ်စေလိုပါသည်။ ဖြောင့်မတ်သော၊ ဉာဏ်ပညာကြီးသော၊ ဝမ်းစာပြည့်သူများသာ ဖြစ်စေလိုပါသည်။
ကျွန်ုပ် စိတ်ကူးယဉ် မျှော်လင့်မိပါသည်။ ဗုဒ္ဓနည်းကျ နိုင်ငံရေး ပြန်လည်အသက်ဝင်ထွန်းကားစေလိုပါသည်။ ဘာသာရေးလွတ်လပ် ခွင့်ပေးထားပြီး မတူညီသောလူမျိုးနှင့် ဘာသာတရားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူဝါဒကို ဆက်လက်ထားရှိ၍ ဗုဒ္ဓဘာသာကို ပိုမိုအလေးထား စောင့်ရှောက်သူများဖြစ်ပါစေဟု စိတ်ကူးယဉ်မိပါသည်။
ဗုဒ္ဓနည်းကျ နိုင်ငံရေးဟူသည်ကား အဘယ်နည်း။ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ နိုင်ငံရေးသမားစိတ်ဓာတ်ဆိုသည်ကား အဘယ်နည်း။
ဦးကုလားရေးသားသော မဟာရာဇဝင်ကြီးမှ ရာဇဓမ္မ၊ မဟာသမ္မတဆိုသည်ကား အဘယ်သို့ ဆိုလိုရင်းမည်ပါသနည်း။
သင်္ဂဟတရားလေးပါးဆိုသည်ကား အဘယ်သို့ ဆိုလိုခြင်းမည်ပါသနည်း။
ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်းလာ မင်းတိုင်ပင်အဖွဲ့နှင့် မနုဓမ္မသတ် ဤရှေးရိုး ဗုဒ္ဓနည်းကျအုပ်ချုပ်ရေးစနစ် ပြန်လည်သက်ဝင်လာနိုင်၊ မလာနိုင်၊ ကျွန်ုပ်စိတ်ကူးယဉ်ကြည့်မိပါသည်။
ဗိုလ်ချုပ်ပြောသည့် နိုင်ငံရေးသမားစိတ်ဓာတ်
နိုင်ငံရေးသမားကောင်းတစ်ယောက် ဟုတ်/ မဟုတ်၊ ရွှေစစ်/ မစစ် ချိန်ထိုးရန် အချက် ၆ ချက်ကို ကြည့်ကြည့်ရအောင်ပါ -
(၁) တိုင်းပြည်တွင် ကျရောက်နေသည့်ဘေးကို တကယ်စွန့်စား ကယ်တင်ချင်သောစိတ်ဓာတ်မျိုး ရှိရပါမည်။
(၂) အလုပ်လုပ်ကိုင်သည့်နေရာတွင် ရိုးသားမှုအပြည့်အဝ ရှိရပါမည်။
(၃) စွန့်စားရမည့်နေရာတွင်လည်း ဇွဲ၊ သတ္တိနှင့် ပြည့်စုံပြီး ကိုယ်ကျိုးစွန့်၊ အသက်ကို စွန့်ရဲသည့် စိတ်ဓာတ်မျိုး ရှိရ ပါမည်။
(၄) ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကို အမှန်ဟုယူဆသည့် တစ်ဖက်စောင်းနင်းစိတ်ဓာတ် လုံးဝမရှိရပါ။
(၅) ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ကိုယ်ကိုယ် အားကိုးယုံကြည်သော မျိုးချစ်စိတ်ဓာတ်ရှိရပါမည်။
(၆) အမြဲတမ်းလေ့လာသင်ကြားနေလိုစိတ်ဖြင့် လုပ်ရင်းကိုင်ရင်း လေ့လာရင်းရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတများကို ဉာဏ်ပညာဖြင့်၊ ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်နိုင်စွမ်းရှိရပါမည်။
ကိုယ်အနိုင်ရရေးအတွက် ကြမ်းပိုးကိုလိပ်ဖြစ်အောင် ပြော၊ မဲဆွယ်သည့် နိုင်ငံရေးသမားမျိုးကို ကျွန်ုပ်တို့အလိုမရှိပါ။
မဟာသမ္မတမင်းနှင့် ရာဇဓမ္မ
ဦးကုလားရေသားသော မဟာရာဇဝင်ကြီး၌ ဖော်ပြထားသည့် မဟာသမ္မတမင်းသည် ရာဇဓမ္မ ၁၀ ပါး၊ ရာဇဂုဏ် ၈ ပါး၊ အပရိဟာနိယတရား ခုနစ်ပါး၊ သင်္ဂဟတရား လေးပါးနှင့်အညီ အုပ်စိုးခဲ့သည်ဟု ဖော်ပြပါရှိပါသည်။ ဗုဒ္ဓနည်းကျ တိုင်းပြည်အုပ်ချုပ်သည့် မြန်မာ့ဒီမိုကရေစီ စံနှုန်းဟု ဆိုရပါမည်။ ဒါန၊ သီလ၊ ပရိစ္ဆာဂ၊ အဇ္ဇဝ၊ မဒ္ဒဝ၊ တပ၊ အက္ကောဓ၊ အဝိဟိံသ၊ ခန္တီ၊ အဝိရောဇနကို ဖက်ဒရယ်ဒီမိုကရေစီဟု ဆိုလိုတာပါ။
၁။ “ဒါန”- ဤနေရာတွင် တိုင်းသူပြည်သားများ၏ လွတ်လပ် ခွင့်ကို တရားမျှတမှုဖြင့် ရက်ရောစွာ ခွင့်ပြုပေးကမ်းမှုဟု ဖွင့်ဆိုနိုင်ပါသည်။
၂။ “သီလ”- ဤနေရာတွင် ကိုယ်ကျင့်တရားကောင်းခြင်းဟု ဆိုလိုပါသည်။ တိုင်းသူပြည်သားများကို လိမ်ညာလှည့်ပတ် ပြောဆိုမှု၊ ကတိကဝတ်ပျက်ကွက်မှု၊ မတရား ထိခိုက်နစ်နာစေမှု ကင်းရှင်းရပါမည်။ မဲဆွယ်စဉ်က အပြောတစ်မျိုး၊ အာဏာရလာတော့ အလုပ်ကတစ်မျိုး မဖြစ်ရပါ။
၃။ “ပရိစ္ဆာဂ” - စွန့်ကြဲပေးကမ်းခြင်း၊ ပြည်သူများ၏ အကျိုးစီးပွားကို ဦးစားပေးပြီး မိမိကိုယ်ကျိုးကို စွန့်လွှတ်အနစ်နာခံခြင်းဟု ဆိုလိုပါသည်။ ကိုယ်က ချမ်းသာနေပြီး တိုင်းသူ ပြည်သားများငတ်နေလျှင် ပရိစ္ဆာဂပျက်စီးခြင်းမည်ပါသည်။
၄။ “အဇ္ဇဝ” - ရိုးသားဖြောင့်မတ်ခြင်း၊ တိုင်းပြည် လူအများ၊ တိုင်းရင်းသားမကျန်၊ နိုင်ငံသားအားလုံးအပေါ် ရိုးသားဖြောင့် မတ်ရပါမည်။ နိုင်ငံတကာဆက်ဆံရေး၊ သံခင်းတမန်ခင်း အတတ်ပညာများ ကျွမ်းကျင်လိမ္မာပါးနပ်စွာ ကိုင်တွယ်တတ်ရပါမည်။
၅။ “မဒ္ဒဝ”- နူးညံ့သိမ်မွေ့ခြင်း၊ နိုင်ငံသားများအပေါ် ကြင်နာသနားစိတ်နှင့် ငဲ့ညှာ၊ သက်သက်ညှာညှာ ဥပဒေနှင့်အညီ အုပ်ချုပ်တတ်ရပါမည်။
၆။ “တပ”- ခြိုးခြံချွေတာခြင်း၊ ဆိုလိုသည်မှာ နိုင်ငံသားများအပေါ် သင့်တင့်လျောက်ပတ်သည့် အခွန်၊ ဥပမာ-ဆယ်ဖို့ တစ်ဖို့ကောက်ခံခြင်း၊ မနိုင်မနင်း ဝန်ပိအောင် မကောက်ရပါ။ နိုင်ငံသားများကလည်း အခွန်မရှောင်ရပါ။ အစိုးရအဖွဲ့ဝင် များနှင့် သူဌေးကြီးများသည်လည်း အခွင့်ထူးအခွင့်ခံ လူတန်းစားများမဖြစ်ရပါ။
၇။ “အက္ကောဓ”- အမျက်ဒေါသမထွက်ရပါ၊ နိုင်ငံသားများက နိုင်ငံ့အရေးသော်လည်းကောင်း၊ နိုင်ငံရေးပါတီများအပေါ်သော်လည်းကောင်း၊ အကြံပြုအပြုသဘောဆောင် ဝေဖန်ထောက်ပြလျှင် အမျက်ဒေါသဖြင့် နိုင်ထက်စီးနင်း မပြုရပါ။
၈။ “အဝိဟိံသ”-မညှဉ်းဆဲခြင်း၊ ဆိုလိုသည်မှာ အပြစ်ရှိသူကို အပြစ်အထိုက်အလျောက် အပြစ်ပေးရမည်ဖြစ်သော်လည်း ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရပါ။
၉။ “ခန္တီ”- သည်းခံခြင်း၊ စိတ်ရှည်ခြင်း အရေးကြီးပါသည်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် နိုင်ထက်စီးနင်း၊ ပါဝါ အာဏာမပြရပါ။ စိတ်ရှည်သည်းခံ နားထောင်ပေးနိုင်ရပါမည်။ ပြဿနာဖြေရှင်းပေးနိုင်အောင် သူတို့၏ ပြဿနာ ဇာစ်မြစ်ကို နားထောင်ပေးရပါမည်။
၁၀။ “အဝိရောဇန”-မဆန့်ကျင်ခြင်းဟု ဆိုလိုပါသည်။ ပြည်သူများ၏ ဆန္ဒကို မဆန့်ကျင်ရပါ။ ငါနဲ့မတူ ငါ့ရန်သူ ဆန့်ကျင်မှုမျိုး မပြုလုပ်ရပါ။ ညှိနှိုင်းဆွေးနွေးစကားဝိုင်းပုံစံ လုပ်နိုင်ရပါမည်။
ဗုဒ္ဓနည်းကျ ဒီမိုကရေစီ/ ဖက်ဒရယ်ဒီမိုကရေစီ
ရာဇဓ္မ၊ သင်္ဂဟကျမ်းလာ မဟာသမ္မတမင်းတင်မြှောက်ပုံကို ဗုဒ္ဓနည်းကျ ဒီမိုကရေစီဟုဆိုလျှင် မမှားနိုင်ပါ။ လူအပေါင်းတို့ စုဝေးပြီး အုပ်ချုပ်မည့်သူကို တညီတညွတ်တည်း သဘောတူတင်မြှောက်ခဲ့ခြင်းကြောင့် “မင်း” ဟု ပေါ်ပေါက်လာခဲ့ရပါသည်။ ပြည်သူအပေါင်းက မင်းအဖြစ် တင်ပြမည့်သူကို ဤသို့ပြောပါသည်။ “ကျွန်ုပ်တို့ ပြည်သူတွေ အချင်းချင်းခိုက်ရန်ဖြစ်ပွားပါက စီရင်ဆုံးဖြတ်ပေးမယ့်သူမရှိဖြစ်နေပါတယ်။ သင်သည် လယ်လုပ်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း မပြုပါနှင့်၊ ကျွန်ုပ်တို့ လုပ်ဆောင်သော စီးပွားမှ အခွန်ဘဏ္ဍာများ ဆောင်ကြပါမယ်။ မင်းကျင့်တရားနဲ့အညီသာ အသင့်စီမံအုပ်ချုပ်ပေးပါ” လို့ တောင်းဆိုပြီး အုပ်ချုပ်ခိုင်းခြင်းကြောင့် အုပ်ချုပ်သည့်မင်း ပေါ်ပေါက်လာခဲ့ရသည်ဟု ဖတ်မှတ်ခဲ့ဖူးပါသည်။ တိုင်းပြည်ကို အမှန်တကယ် စောင့်ရှောက်နိုင်မည့် ဉာဏ်ပညာနှင့် ပြည့်စုံသောသူကို မင်းအဖြစ် တင်မြှောက်ကြခြင်းကြောင့် မဟာသမ္မတမင်းဟု ခေါ်တွင်လာကြကြောင်း မှတ်သားလေ့လာဖူးပါသည်။
“မင်း”ဆိုသည့် သက်ဦးဆံပိုင်အခွင့်အရေးကို "Divine Right of Kings" ပြည်သူကြောင့် ပေါ်ပေါက်လာရသော သင်္ဂဟတရားလေးပါးနှင့်အညီ အုပ်ချုပ်စေခြင်းကြောင့် တိုင်းပြည်အုပ်ချုပ်သူ “မင်း”သည် ပြည်သူက ပေးအပ်သည့် တာဝန်၊ အမှုတော်ကို ထမ်းဆောင်ရသော၊ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်ရသော “မဟာသမ္မတ”ဟု ပေါ်ပေါက် ခဲ့ရသည်ကို စာပေ၌ အတိအကျ မှတ်သားခဲ့ရဖူးပါသည်။
သင်္ဂဟတရားလေးပါး
သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂ အဋ္ဌကထာ၊ ယညသုတ္တဝဏ္ဏနာ စာမျက်နှာ ၁၃၃ ကို ကျမ်းကိုးယူရလျှင် (က) သဿမေဓ (ခ) ပုရိသ မေဓ (ဂ) သမ္မာပါသ (ဃ) ဝါစာပေယျဟု ဖော်ပြထားပါသည်။
(က) “သဿမေဓ”ဆိုသည်မှာ လူအပေါင်းတို့သည် မိမိတို့ရှာဖွေ စုဆောင်းရရှိလာသည့် ပစ္စည်းများထဲမှ ဆယ်ဖို့တစ်ဖို့ကို မင်းထံအခွန်ဆောင်ရပါသည်။ တချို့ ပါဠိကျမ်းဂန်များတွင် ဆယ်ဖို့တစ်ဖို့ဟု မပြောဘဲ နိုင်ငံ့အင်အားအလျောက် သင့်လျော်အောင် ကောက်ခံရန်သာ ဖော်ပြပေးပါသည်။ ဝင်ငွေသိပ်နည်းပါးသူများကို သင့်တင့်လျောက်ပတ်အောင်သာ ကောက်ခံပြီး ထိုအခွန်ငွေဖြင့် တိုင်းပြည် သာယာဝပြော အောင် အုပ်ချုပ်ရန်ဖြစ်ပါသည်။ ပြည်သူက ဆောင်သော အခွန်ငွေဖြင့် လမ်းတံတား၊ ဆက်သွယ်ရေး၊ လျှပ်စစ်စသော အဆောက်အအုံများ တိုးတက်အောင် အုပ်ချုပ်ရန်သာဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် လစာနည်းသူ အချိုးကျ နည်းနည်းဆောင်ရပြီး (ဥပမာ-၁၀ ရာခိုင်နှုန်း)၊ လခများသူက များသလို (ဥပမာ-၄၀ ရာခိုင်နှုန်း) ဆောင်ရပါသည်။
(ခ) “ပုရိသမေဓ”-ဆိုသည်မှာ မင်း၊ မှူးမတ်၊ ရဲမက်၊ လက်နက်ကိုင်၊ လုံခြုံရေးဝန်ထမ်းများ၊ သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေရသူများကို ကောက်ခံရရှိသည့် အခွန်များထဲမှ မိသားစုစားဝတ်နေရေး၊ ပညာရေးနောက်ကြောင်းအေးအောင် ပေးကမ်းထောက်ပံ့ရပါမည်။ နိုင်ငံကို လုံခြုံရေး ကာကွယ်စောင့်ရှောက်ပေးသူများကို ကြီးစဉ်ငယ်လိုက် စားဝတ်နေရေး၊ သားသမီး၊ ပညာရေးလုံလောက်အောင် ထောက်ပံ့ ပံ့ပိုးပေးရမည်မှာ မဟာသမ္မတ၏ မင်းတို့ကျင့်ရ မည့် တရားသာဖြစ်ပါသည်။ ရဲတပ်ဖွဲ့ဝင်များကို လုံလောက်အောင် ပံ့ပိုးပေးနိုင်လျှင် လာဘ်စားမှု၊ အဂတိလိုက်စားမှုနည်းပြီး တရားဥပဒေစိုးမိုးရေး ပိုကောင်းမွန်လာနိုင်ပါသည်။ ရဲတပ်ဖွဲ့တန်းလျား၊ စစ်သည်တန်းလျားများကို သွားကြည့်မိ လျှင် ဘာကြောင့်ဖွံ့ဖြိုးပြီးနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များကို လာဘ်ထိုး၍ မရသလဲဟု အဖြေထွက်လာပါသည်။ နိုင်ငံတော်က လုံလောက်အောင် လုံခြုံရေးဝန်ထမ်းများကို စောင့်ရှောက်ပေးရန် အလွန်ကို လိုအပ်နေပါပြီ။
(ဂ) “သမ္မာပါသ”- ဆိုသည်မှာ ပြည်တွင်းရှိ ကုန်သည်၊ လယ်လုပ် ယာလုပ် လယ်သမားများကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ အရင်းအနှီးလိုအပ်လျှင် ထုတ်ပေးခြင်း၊ နည်းပညာများ ဖြန့်ဖြူးပေးခြင်း၊ လယ်သမားထုတ်လုပ်သူများအတွက် ဈေးကွက်ရှာပေးခြင်း၊ ရောင်းအားမြင့်အောင် ကြားဝင်ကူညီ ပေးခြင်းများ၊ လွတ်လွတ်လပ်လပ် ကုန်သွယ်လုပ်ကိုင်နိုင်မည့် စည်းမျဉ်းဥပဒေများ အတိုးအလျှော့ ကိုင်တွယ်ပေးခြင်းများ ပါဝင်ပါသည်။ ကုန်သည်လယ်လုပ်များက အုပ်ချုပ်သူတို့ အပေါ် အားကိုးလာမည်။ ကြည်ညိုလာမည်၊ ချစ်ခင်လာမည်၊ အားကိုးချစ်ခင်စိတ် များရှိလာအောင် အုပ်ချုပ်သူများက အလုပ်နှင့် သက်သေပြကြရပါမည်။ သမ္မာပါသဆိုသည်မှာ အုပ်ချုပ်သူလူတန်းစားကို ပြည်သူက ချစ်ခင်အားကိုး ယုံကြည်မှုရအောင် တကယ်ဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
(ဃ) “ဝါစာပေယျ”-ဆိုသည်မှာ မင်းသည် ချီးမြှောက်ထောက်ပံ့ ခြင်း ပြုပေးရသည်။ ကိုယ်ရသည်ကို ပေးတန်သလောက် ပြန်ပေးရသည်။ အမြဲပြုံးရွှင်နေပြီး ချစ်ဖွယ်သော စကားကို ဆိုတတ်ခြင်း၊ ပြည်သူချစ်အောင် နေတတ်ခြင်း၊ ပြည်သူနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ နွေးထွေးစွာ နေထိုင်ပြောဆိုတတ်ခြင်း များကို ဝါစာပေယျဟု စာတွင် ပြောထားပါသည်။
နိရဂ္ဂနုတရားနှင့် ပြည့်စုံသည့်နိုင်ငံကို နိရဂ္ဂနုတံခါးရွက်၊ မင်းတုပ် မရှိသော မင်းကျင့်တရားနှင့် ပြည့်စုံသောနိုင်ငံဟု ခေါ်ပါသည်။ မင်းတို့က ဤသင်္ဂဟတရားလေးပါးနှင့်အညီ အုပ်ချုပ်ကြသည်။ တိုင်းနေပြည် တော်အတွင်း ခိုးဝှက်လုယက်မည့်သူ မရှိ၊ အိမ်ဝင်းနှင့် မြို့ပြများတွင် တံခါးရွက်၊ မင်းတုပ်နှင့် ----- မတပ်ဘဲ ဟင်းလင်းဖွင့်ပြီး နေထိုင် နိုင်ကြသည်။
မင်းတိုင်ပင်အဖွဲ့
ရာဇဓမ္မသာဟိကကျမ်းတွင် ယောအတွင်းဝန် ဦးဘိုးလှိုင်က မနုဓမ္မသတ်ဆိုသည့် ပြည်ထောင်စုအစိုးရ၊ တိုင်းပြည်အုပ်ချုပ်ပုံကို ရှင်းပြထားပါသည်။ မနုဓမ္မသတ်၌ “မင်းနှင့် ပြည်သူတို့ ပူးပေါင်း ဆောင်ရွက်နည်းဖြင့် အုပ်ချုပ်ရမည်။ သို့မှသာ အသိဉာဏ် တိုးတက် မည်၊ မင်းတိုင်ပင်အဖွဲ့ထားရမည်” ဟု ဆိုထားပါသည်။ မင်းတိုင်ပင်အဖွဲ့တွင် ဘာတွေပါသလဲဆိုလျှင် -
(၁) ဝိဇ္ဇာရိယသဘာ { ပညာရေး (သို့) ဥပဒေပြုရေးလွှတ်တော်}၊
(၂) ဓမ္မာရိယာသဘာ {သာသနာရေး (သို့) တရားစီရင်ရေးတရား လွှတ်တော်}၊
(၃) ရာဇာရိယသဘာ {အုပ်ချုပ်ရေး (သို့) ပြည်ထောင်စုအစိုးရအဖွဲ့} ထိုသို့ သုံးဌာနခွဲပြီး တိုင်းပြည်ကို ပူးပေါင်းအုပ်ချုပ်ခြင်း ဖြစ်သည်။
မင်းသည် တိုင်းသူပြည်သားများကို အတတ်ပညာမျိုးစုံ သင်ကြားနိုင်ခွင့် ဖန်တီးပေးရမည်။ ဘာသာတရားနှင့် လောကနီတိသင်ကြားရန် အခွင့်အရေးများ ဖန်တီးပေးရမည်။ “သေနာစ” ဟု ခေါ်သည့် စစ်ဆင်ရေးအဖွဲ့၊ လုံခြုံရေးအဖွဲ့များဖြင့် တိုင်းပြည်ကို ထိန်းသိမ်းစောင့်ရှောက်ပေးရပါမည်။
ညီလာခံတွင် တိုက်တွန်းပေးရမည့်၊ မင်းတို့၏ တာဝန်အနေဖြင့် အမြဲနှိုးဆော် ပေးနေရမည်မှာ “ယဉ်ကျေးပြီး၊ အရည်အချင်းရှိသော၊ စည်းကမ်းရှိသော အမတ်မင်းများဖြစ်စေရန် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ အစီအရင်ဥပဒေကို လေးစားလိုက်နာကြလော့” ဟု မိမိအစိုးရအဖွဲ့ကို အမြဲသတိပေးနှိုးဆော်နေရပါမည်။
မင်းတိုင်ပင်အဖွဲ့က ဥပဒေများ ရေးဆွဲပြဋ္ဌာန်းပေးရမည်ဖြစ်သလို တစ်ဦးတစ်ယောက်တည်းကိုသာ အာဏာကုန်လွှဲအုပ်ချုပ်ခွင့် မပြုရပါ။ ရှေးမင်းတို့အုပ်ချုပ်ရာ၌ “မင်း”နှင့် “မင်းတိုင်ပင်အဖွဲ့”သည် ပြည်သူ့လက်အောက်၊ ပြည်သူသည်လည်း “မင်း” နှင့် “မင်းတိုင်ပင်အဖွဲ့” ၏ လက်အောက် Check & Balance ရှိရပါမည်။ အဆင့်ဆင့် ပြန်လည်ထိန်းချုပ်ပြီး ညှိနှိုင်းအုပ်ချုပ်ရေးဖြစ်ပါသည်။ ဌာနတစ်ခုနှင့်တစ်ခု မညှိနှိုင်းဘဲ သူတစ်လူငါတစ်မင်း ထင်ရာစိုင်းအာဏာမပြရပါ။
မင်း၏ အရည်အချင်း
ရှေးခေတ်မင်းရွေးသည့်အခါ ရှိရမည့်အရည်အချင်းများ သတ်မှတ်ထားပြီး ဖြစ်ပါသည် -
(၁) လူအပေါင်းတို့ထက် ထူးကဲသော အစိုးရချင်းကို ပြုတတ်သူ၊
(၂) ရန်သူအပေါင်းတို့အား အောင်နိုင်စွမ်းသောသူ၊
(၃) သဘာပတိဖြစ်ထိုက်သော ချီးကျူးလောက်သောဂုဏ်၊ ကိစ္စသဘောတရားနှင့် ပြည့်စုံသောသူ၊
(၄) ပူဇော်သက္ကာယပြုထိုက်သောသူ၊
(၅) ခိုကိုး အားကိုးထိုက်သောသူ၊
(၆) ရှိခိုးထိုက်သောသူကိုသာ ဥက္ကဋ္ဌ၊ သဘာပတိတင်မြှောက်ကြရပါသည်။ ပညာရှိတို့နှင့် ပြည့်နေသော၊ မြတ်သော အစိုးရအဖွဲ့ဝင်များ ဖြစ်စေရပါမည်။ တိုင်းပြည်၏အမွေအနှစ်၊ ဥစ္စာ ပစ္စည်းတို့ကို စောင့်ရှောက်ပေးနိုင်သူ ဖြစ်ရပါမည်။ ပြည်သူနှင့် မကင်းကွာ၊ ပြည်သူ့အသံကို နားထောင်ပေးသူနှင့် နှီးနှောတိုင်ပင်သူ၊ မျက်နှာကြီးငယ်မလိုက်ဘဲ ဥပဒေနှင့်အညီ အုပ်ချုပ်သူဖြစ်ရပါမည်။ ပြည်သူ ပြည်သားအားလုံး၏ အဆွေ ခင်ပွန်း၊ ကြင်နာတတ်သော တစ်နိုင်ငံလုံးရှိ ရန်အပေါင်းကို ကင်းစင်အောင် တိုက်ထုတ်၊ ဖြေရှင်း၊ စောင့်ရှောက်ပေးနိုင်သူ ဖြစ်ရပါမည်။
မင်းအစိုးရတို့ တရားရှိလျှင် ရှိသလို တိုင်းပြည်သာယာဝပြောမည်။ တရားမရှိလျှင် မရှိသလို ဆုတ်ယုတ်ပါမည်။ မင်းတိုင်ပင်အဖွဲ့ ဌာနသုံးခုမှ အကြံပေးသည့်အတိုင်း ကောင်းမြတ်သော၊ လက်တွေ့ဆန်သော စည်းမျဉ်းဥပဒေများပြဋ္ဌာန်းပြီး ထိုစည်းမျဉ်းဥပဒေနှင့်အညီ အုပ်ချုပ်ရမည်ဖြစ်ပါသည်။
မင်းတိုင်ပင်အဖွဲ့သည် တိုင်းသူပြည်သားများ သာယာဝပြောရေးအတွက် အမှန်တကယ် အပီအပြင် အကြံပေးနိုင်သူဖြစ်ရပါမည်။ အကြံပြုသူများကိုလည်း လက်ခံရမည် ဖြစ်ပါသည်။ ဥပဒေဘောင် အတွင်းမှ အများပြည်သူ၏ အကျိုးတရားကို ပြုမဲ့သူဖြစ်ရပါမည်။
ကျွန်ုပ်စိတ်ကူးယဉ်မျှော်လင့်မိပါသည်။
ကျွန်ုပ်မျှော်လင့်နေသော အမိမြန်မာနိုင်ငံတော်သည် ဝမ်းစာပြည့်သော နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ လူသားဆန်သော ဖြောင့်မတ်သော သမာသမတ်ရှိသူများဖြင့် ဖွဲ့စည်းထားသည့် မဟာသမ္မတနှင့် ဗုဒ္ဓနည်းကျသော ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီးကို သင်္ဂဟလေးပါး၊ မင်းကျင့်တရားနှင့်အညီ နိုင်ငံတော်ကို ပြန်လည် ပြုပြင်ဦးဆောင်နိုင်သည့် ဗုဒ္ဓနည်းကျ နိုင်ငံတော်သစ်ကြီးအဖြစ် ရှေ့သို့ချီနိုင်ရန် ကျွန်ုပ်စိတ်ကူးယဉ်မိပါသည်။ ။


