ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့် များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၂၄၀၃ ဧကရှိသော နယ်မြေကို “ကဖွားဒီရေတော ကြိုးပြင်ကာကွယ်တော အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၂ ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ်တည်ငြိမ်မှု ရှိစေရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသည့် ရေသယံဇာတများ အစဉ်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျော စသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ထိန်းသိမ်း နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် လေထုမှ ကာဗွန်များစွာ သိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျသော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သည့် သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ် သည်။

 

ကဖွားဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေ တောပင်များ ပေါက်ရောက်မှုကို ရေရှည်တည်တံ့ စေရန် ကာကွယ်နိုင်ခြင်း၊ ရေငန်ငါးအမျိုးမျိုး၊ ခရု မျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိမ်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (တင်ကျီးငှက်) နှင့် ငှက်တုံးငှက်မျိုးများ ကျက်စားရာ ဒေသအား ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံများအတွက် ဆူနာမီမုန်တိုင်း အစရှိသော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွား ရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမိုကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းလောင်စာများအတွက်လည်း အထောက်အကူပြုစေနိုင်ခြင်းတို့ကြောင့် ကဖွားဒီရေတော ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်ပါသည်။  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန