နေပြည်တော် ၂၂ ဖေဖော်ဝါရီ
ကျပ်သိန်း (၁၅၀ဝ၀) ကံထူးမည့် (၁) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို မတ်လ ၁ ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ကျပ်တစ်ထောင်တန် ထီဖွင့်ပွဲတွင် အထူးဆုကြီးစနစ်၌ ကျပ်သိန်း (၁၅၀ဝ၀) တစ်ဆု၊ ကျပ် သိန်း (၅၀ဝ၀) သုံးဆု၊ ကျပ်သိန်း (၂၀ဝ၀) ငါးဆု၊ ကျပ်သိန်း (၁၀ဝ၀) ငါးဆု၊ ဆုတစ်ဆုချင်း စနစ်၌ ကျပ်သိန်းငါးရာ၊ ကျပ်သိန်းနှစ်ရာ၊ ကျပ်သိန်းတစ်ရာ၊ ကျပ်သိန်းငါးဆယ်၊ ကျပ်သိန်း နှစ်ဆယ်၊ ကျပ်ဆယ်သိန်း၊ ကျပ်ငါးသိန်းနှင့် ဝေဝေဆာဆာ ပဒေသာဆုမဲများကို ပါဝင်မည်ဖြစ်သည်။
ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုကို ယခုလတွင် စတင်ရောင်းချခြင်းဖြစ်ပြီး ယခု (၁) ကြိမ်မြောက်တွင် “က” အက္ခရာမှ “အ” အက္ခရာ၊ “ကက” အက္ခရာမှ “ကဆ” အက္ခရာထိ စုစုပေါင်းအက္ခရာ အလုံး (၄၀) ပါသည့် ထီစာအုပ်စုစုပေါင်း (၃၂၇၂၇၂၀) အုပ် ရှိကာ ထီစာအုပ်အားလုံးကို ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
(၁) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆု ထီလက်မှတ်စာအုပ် ရောင်းချရသည့်ငွေမှာ ကျပ်သန်းပေါင်း (၃၂၇၂၇ ဒသမ ၂) သန်းဖြစ်ပြီး အဆိုပါ ရောင်းချငွေ ၏ ၆၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သန်းပေါင်း (၁၉၆၃၆ ဒသမ ၃၂) ကို ထီဆုငွေများအဖြစ် ခွဲဝေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ မှ သိရသည်။
မျိုးသူဟိန်း


