ရန်ကုန် ဒီဇင်ဘာ ၁၂

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအားကစား အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်သည့် အားကစားပွဲများ အနက် ကရာတေး၊ တိုက်ကွမ်ဒို၊ စနူကာနှင့် ဂျူဒိုအားကစားနည်းများမှ ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်လေးခု ထပ်မံဆွတ်ခူးရရှိသည်။

မြန်မာကရာတေးအားကစားမယ် ဖလော်ရင့်နေခြည်ထွန်းသည် -၅၀ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။ ဖလော်ရင့်နေခြည်ထွန်းသည် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားခဲ့ရပြီး တီမောကစားသမား မာကွင်စ်ကို ၆-၀ မှတ်၊ ဆီမီးဖိုင်နယ်တွင် ဖိလစ်ပိုင်ကစားသမား  အန်ဒရီယာနိုကို ၈-၃ မှတ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။  ဗိုလ်လုပွဲတွင် မလေးရှားကစားသမား ချန်ဒရန်ကို ၄-၀ မှတ်ဖြင့် အရေးနိမ့်သဖြင့် ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ ကြေးတံဆိပ်လေးခုကို စနူကာ 6 Red  အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင်  နေမင်းထွန်းက တစ်ခု၊ တိုက်ကွမ်ဒို အတိုက် - ၆၈ ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် ဟိန်းထက်သူ၊ ၈၀ ကီလိုတန်း အမျိုးသားပြိုင်ပွဲတွင် ဇော်လင်းထက်၊ ဂျူဒို အမျိုးသား ၅၇ ကီလိုတန်းတွင် ထိုက်ထိုက်ကျော်တို့က ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် ပွဲစဉ်များအပြီးအထိ ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် ကိုးခု၊ ကြေးတံဆိပ်ခုနစ်ခု ဆွတ်ခူးရရှိထားသည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-PPS