ဂျီနီဗာ ၂၇ ဖေဖော်ဝါရီ
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီ ၂၅ မှ ၂၇ ရက်အထိ ကျင်းပသည့် လူ့အခွင့်အရေးကောင်စီ၏ အကြိမ် (၄၀) မြောက် ပုံမှန်အစည်းအဝေးအဆင့်မြင့်ကဏ္ဍသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၆ ရက်က မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မိန့်ခွန်းပြောကြားရာတွင် လူ့အခွင့်အရေးကောင်စီမှ လိုက်နာသင့်သည့် မူဝါဒများ၏ အရေးပါမှုနှင့်ပတ်သက်၍လည်းကောင်း၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်အရေး ကိစ္စဖြေရှင်းဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေး မြှင့်တင်ရေးအတွက် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ကြုံတွေ့ရသော စိန်ခေါ်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရာတွင် ထိပ်တိုက်တွေ့ခြင်းနှင့် ပြစ်တင်ရှုံ့ချခြင်းတို့အစားဆွေးနွေးမှု၊ အပြုသဘောဆောင်သည့် ထိတွေ့ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း၊ ကောင်စီမှ လွတ်လပ်စွာ ဆောင်ရွက်ရန် ခန့်အပ်တာဝန်ပေးထားသည့် ပုဂ္ဂိုလ်/ယန္တရားများအနေဖြင့် လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ ဂုဏ်သိက္ခာစောင့်ထိန်းမှုတို့ကိုတိကျစွာလိုက်နာရန်နှင့် မည်သူမဆို မိမိတို့၏ ပြောဆိုရေးသား အစီရင်ခံချက်များအတွက် တာဝန်ယူမှုရှိရန် လိုအပ်ကြောင်း။
အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ယင်းပြည်သူများ၏ လူ့အခွင့်အရေး ဖော်ဆောင်ရေးအတွက် ပဏာမတာဝန်ရှိသည်ဟူသော အချက်ကို အသိအမှတ်ပြုကြရန်နှင့် ယင်းနိုင်ငံ၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုနောက်ခံအခြေအနေများ၊ လူသားစွမ်းဆောင်ရည် လိုအပ်ချက်များ သာမက၊ ယင်းနိုင်ငံတစ်နိုင်ငံချင်း၌ ကြုံတွေ့နေရသောအခြားစိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထောက်ပြရှင်းလင်း ပြောကြားခဲ့သည်။
ထို့ပြင် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားအစိုးရစတင် အုပ်ချုပ်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း ပြည်သူများအနေဖြင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီ အခွင့်အရေးများကို ပိုမိုရရှိခံစားကြလျက်ရှိကြောင်း၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှု-စီးပွား ကဏ္ဍများတွင် မြင်သာသည့် တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (MSDP) အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မကြာသေးမီက အာဏာရပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပါရှိသည့် ဒီမိုကရေစီနှင့် ကိုက်ညီမှု မရှိသော ဖော်ပြချက်များကို ပြင်ဆင်နိုင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်တွင် ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း။
ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံကို (၃) ကြိမ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးအတွက် အခြေခံမူဝါဒ (၅၁) ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းနှင့် ညီလာခံ၏ ရှေ့လုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့ လက်မှတ်ရေးထိုးခဲ့ခြင်းနှင့်အားလုံး ပါဝင်လက်မှတ်ရေးထိုးရေးအတွက် အစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ တပ်မတော်အနေဖြင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ လေးလကြာ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်ဆိုင်းပေးထားမှုနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးမီက “အေအေ” သောင်းကျန်းသူတို့က စတင်တိုက်ခိုက်ရာမှ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေမှုကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေး လာရမှုအားလည်းကောင်း အသိပေးပြောကြားခဲ့ပြီးနောက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရေး အရေးတကြီးလိုအပ်မှုကို အလေးပေးဖေါ်ပြခဲ့သည်။ ပြည်ထောင်စုဝန်ကြီးက “လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို လမ်းခင်းပေးနိုင်သလို ပဋိပက္ခနှင့် ဆက်စပ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း အဆုံးသတ်ပေးနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် သိမ်မွေ့သော ဒီမိုကရေစီကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်ရာ၌ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရဆဲဖြစ်၍ နိုင်ငံတကာ၏ ဆက်လက်ကူညီပံ့ပိုးမှုကို လိုအပ်နေချိန်တွင် ကမ္ဘာက ရခိုင်ပြည်နယ်အရေးကိစ္စကို အဆိုးမြင်ရှုထောင့်မှသာ အမြင်ကျဉ်းမြောင်းစွာ အာရုံစိုက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံကို ဦးတည်ဆန့်ကျင်တိုက်ခိုက်နေကြသည့် သတင်းမီဒီယာများက ကျယ်ပြန့်သော လှုပ်ရှားမှုများဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စအား ဘာသာရေးဖိနှိပ်မှုပြဿနာအဖြစ် မမှန်မကန်ပုံဖော်နေကြကြောင်း၊ ယင်းမှာ ဘာသာရေးဖိနှိပ်ချုပ်ချယ်မှု မဟုတ်သကဲ့သို့ ကိုးကွယ် ယုံကြည်မှု ကွဲပြားသူများအကြား ပဋိပက္ခလည်းမဟုတ်ပါကြောင်း၊ အမှန်မှာ ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သည့် တရားမဝင်နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ ဆင်းရဲမွဲတေမှု၊ တရားဥပဒေစိုးမိုးမှု လျော့နည်းပြီး အမျိုးသားလုံခြုံရေးကိစ္စတို့ ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးနှင့်စီးပွားရေး ပြဿနာမျှသာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်များ ရှိနေလင့်ကစား နိုင်ငံအနှံ့အပြားတွင် မွတ်စလင် အများစုအပါအဝင် ယုံကြည်မှုကွဲပြားခြားနားသူများ သဟဇာတဖြစ်စွာ နေထိုင်လျက်ရှိကြောင်း။
၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လများတွင် ဖြစ်ပွားခဲ့သည့် ရဲကင်းစခန်းများသို့ အာဆာအကြမ်းဖက်များက ကြိုတင်အကွက်ချတိုက်ခိုက်မှုမှ စတင်သည့် အကြမ်းဖက်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အသိုက်အဝန်းများနှင့်ပတ်သက်၍ မိမိတို့လည်း ထပ်တူစိုးရိမ်ပူပန်ပါကြောင်းနှင့် အာဆာ၏ အကြမ်းဖက်မှုများအား ကြောက်ရွံ့ခြင်းကြောင့် လူအမြောက်အများ နေရပ်စွန့်ခွာမှုများဖြစ်ပွားစေခဲ့ကြောင်း ထောက်ပြခဲ့ပြီး၊ ဥပဒေနှင့် မညီညွတ်သော အကြမ်းဖက်မှုများအား မည်သည့်ဘက်မှ ကျူးလွန်သည်ဖြစ်စေ ပြစ်တင်ရှုတ်ချကြရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်ကိစ္စ၊ IDP စခန်းများပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အား ဦးစားပေးကဏ္ဍ (၅) ရပ်အဖြစ်ရွေးချယ်၍ လုပ်ငန်းအစီအစဉ် ချမှတ်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် (ကိုဖီအာနန် ကော်မရှင်) ၏ အကြံပြုချက်အများစုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့်၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်တည်တံ့သည့် ဖြေရှင်းမှုကိုရှာဖွေသွားရန် အပြည့်အဝ ကတိကဝတ်ပြုထားကြောင်း။
၂၀၁၇ ခုနှစ် နိုဝင်ဘာလကမြန်မာနှင့်ဘ င်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီချက်များနှင့်အညီ ဆန္ဒအလျောက်၊ ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာပြန်လည် လာရောက်မည့် စိစစ်အတည်ပြုပြီးသူများအား လက်ခံရန် အဆင်သင့် ရှိမှုကိုထပ်လောင်းအတည်ပြုလျက် လက်ရှိတွင် အရေးအကြီးဆုံးတာဝန်တစ်ရပ်မှာ အခြားကိစ္စရပ်များအပေါ် အာရုံထားခြင်းထက် လူသားချင်း စာနာမှုအကျပ်အတည်းများကို ဖြေရှင်းရေးအတွက် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်ရန် ဖြစ်ကြောင်း။
ပြန်လည်ဝင်ရောက်မည့်သူများအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) တို့နှင့်လည်းကောင်း၊ အာဆီယံမိတ်ဆွေနိုင်ငံများနှင့် ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့်လည်းကောင်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ UEHRD မှတစ်ဆင့်အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများထံမှ ထည့်ဝင်ပံ့ပိုးငွေများကိုလည်း စုစည်းသုံးစွဲဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင်အလုပ်အကိုင် အခွင့်အလမ်းများ၊ ဝင်ငွေနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် “ရခိုင်ပြည်နယ်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုပြပွဲ”ကို မကြာမီကကျင်းပခဲ့ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ပေးခြင်းသည်သာ အသိုက်အဝန်းများအကြား ပဋိပက္ခများကိုအဆုံးသတ်ရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း။
အခြားတစ်ဖက်တွင်မူ၊ မြန်မာနိုင်ငံအနေဖြင့် FFM ခေါ် လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့အား စတင်တည်ထောင်စဉ်ကပင် ပြတ်သားစွာကန့်ကွက်ခဲ့ကြောင်း၊ တစ်ဖက်သတ်ပြောကြားချက်များအပေါ် အခြေခံသည့် ယင်း၏ အစီရင်ခံစာတွင်လည်း အာဆာ အကြမ်းဖက်အဖွဲ့၏ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအပေါ် စုံစမ်းစစ်ဆေးမှုမပါရှိခြင်း၊ မွတ်စလင်နေရပ်စွန့်ခွာသူများ၏ ပြောကြားချက်များမှ ရရှိသည့် ဖြစ်စဉ်များကိုသာ အပြည့်အဝ လက်ခံထားခြင်း၊ ယင်းနှင့်ဆန့်ကျင်သည့် သက်သေအချက်အလက်များကို ငြင်းပယ်ထားခြင်း၊ အာဆာအကြမ်းဖက်အဖွဲ့မှ ကျူးလွန်သည့် အစုအပြုံလိုက် သတ်ဖြတ်မှုများကိုဖော်ပြသည့် အစီရင်ခံစာများအား လျစ်လျူရှုထားပြီး၊ အာဆာ၏ ရက်စက်ကြမ်းကြုတ်မှုများကို ထည့်သွင်းမဖော်ပြထားခြင်း၊ အစီရင်ခံစာ၏ နောက်ဆုံးသုံးသပ်ချက်မှာလည်း သက်သေအထောက်အထား လုံလောက်စွာ ဖော်ပြမှုမရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ကောက်ချက်ချမှုများသာဖြစ်ခြင်း စသည့် အကြောင်းရင်းများကြောင့် ယင်းအစီရင်ခံစာကိုလည်း ကန့်ကွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
ဆက်လက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) နှင့် ယင်း၏ အချက်အလက်စုဆောင်းရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ (ECVT) တို့၏ လုပ်ငန်းဆောင်ရွက်မှု များနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု သတင်းအချက်အလက်များကိုလည်း ပြည်ထောင်စု ဝန်ကြီးက မျှဝေအသိပေး ပြောကြားခဲ့သည်။ အစိုးရအနေဖြင့် တာဝန်ခံမှုကိစ္စရပ်အား ဖြေရှင်းလိုသည့် စိတ်ဆန္ဒသာမက၊ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါအရေး ကိစ္စရပ်အား နိုင်ငံတကာတရားစီရင်ရေးစနစ်သို့ ရောက်ရှိစေမည့် မည်သည့် ကြိုးပမ်းဆောင်ရွက် မှုမျိုးကိုမဆို အခိုင်အမာပယ်ချကြောင်း။
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ အစိုးရအနေဖြင့် အထူးသဖြင့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် အခြားသော အားနည်းသူများ၏ အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာစာချုပ် (CEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့် အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ် (ICESCR) စသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးပင်မ စာချုပ်ကြီး (၄) ခုကိုအတည်ပြုပါဝင်ခဲ့ပြီး၊ CRC ၏ နောက်ဆက်တွဲ စာချုပ်ဖြစ်သော လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များပါဝင်မှုတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် - OPAC ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း OPAC ကိုအတည်ပြုပါဝင်ရန်နှင့် အရပ်ဘက်နှင့်နိုင်ငံရေး အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာစာချုပ်- ICCPR ကို လက်မှတ်ရေးထိုးရန် ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကောင်စီ၏ UPR ယန္တရားအား အခိုင်အမာထောက်ခံသော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် UPR သို့ အစီရင်ခံစာတင်သွင်းရန် ရှိကြောင်း၊ အစိုးရအနေဖြင့် ကလေးသူငယ် အခွင့်အရေးဥပဒေအသစ် မူကြမ်း၊ အမုန်းစကားနှင့် အမျိုးသမီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူကြမ်းများအား ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်တို့၏ ခရီးစဉ်များလာရောက်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာအစိုးရအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ဆိုးရွားသောကျူးလွန်မှု (၆) မျိုးကို ကာကွယ်ရန် အမျိုးသားကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာလက ပဋိပက္ခအတွင်းအမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် လက်မှတ်ရေးထိုးခဲ့သည့် ပူးတွဲကြေညာချက် (Joint Communiqué) အား အကောင်အထည်ဖော်ရေးအတွက် အမျိုးသားကော်မတီတစ်ရပ်ကိုဖွဲ့စည်း၍ လုပ်ငန်းစီမံချက်တစ်ရပ် ရေးဆွဲသွားရန်ရှိကြောင်း၊ နှစ်နိုင်ငံအစီအစဉ်အရလည်း အီးယူ၊ ဂျပန်နှင့် အမေရိကန်တို့နှင့် လူ့အခွင့်အရေးဆွေးနွေးပွဲများ ကျင်းပလျက်ရှိကြောင်း။
ယင်းသို့ အပြုသဘောဆောင်သော ဖွံ့ဖြိုးတိုးတက်မှုများရှိနေသော်လည်း မြန်မာနိုင်ငံအနေဖြင့် မျှတမှုကင်းမဲ့စွာဖြင့် ပစ်မှတ်ထားခံနေရပြီး လိုအပ်သည်ထက်ပို၍ ကုလသမဂ္ဂ၏ ယန္တရားများစွာ၏ အထူးစိစစ်မှုကိုခံနေရကြောင်း ထောက်ပြပြောကြားခဲ့သည်။
ထို့ပြင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIM) ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်အဆိုများအား မြန်မာနိုင်ငံမှ ပယ်ချခဲ့သည့် အကြောင်းရင်းများကို ရှင်းပြရာ၌ ယင်းသည် ကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာကိုကျော်လွန်နေပြီး ယင်း၏ လုပ်ငန်းတာဝန် သတ်မှတ်ချက်များသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လွန်ကျူးစွာ ထိပါးစွက်ဖက်သည့် သဘောဖြစ်နေပါကြောင်း၊ ယင်းသည် လူ့အခွင့်အရေးကောင်စီကို နိုင်ငံရေးအာဂျင်ဒါအတွက် အသုံးချလိုသည့် အချို့သူများ၏ နိုင်ငံရေးမျှော်လင့်ချက်ကိုသာ ဖြည့်ဆည်းပေးစေမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ပုံမှန်ဘတ်ဂျက်ပြင်ပမှ ရံပုံငွေများဖြည့်စွက်အသုံးပြုခွင့်ပေးသည့် အစီအစဉ်သည် ယင်းအဖွဲ့၏ လွတ်လပ်မှုနှင့် ဘက်မလိုက်မှုတို့ကို ပြင်းထန်စွာ သက်ရောက်စေနိုင်ပါကြောင်း၊ အမေရိကန်ဒေါ်လာ (၂၆) သန်းကျော် ဘတ်ဂျက် သုံးစွဲခွင့်ပြုထားပြီး၊ လက်ထောက်အတွင်းရေးမှူးချုပ်အဆင့် ဦးဆောင်သည့် ဝန်ထမ်း (၆၂) ဦး ခန့်အပ်ကာ ယင်းယန္တရားဖြင့် နိုင်ငံတစ်နိုင်ငံကို စောင့်ကြည့်ခြင်းသည် ကုလသမဂ္ဂ၏ ရှားပါးရင်းမြစ်များကို ဖြုန်းတီးခြင်းသာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရသည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ပိုမိုအဆင့်မြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စိန်ခေါ်မှုများနှင့် ကန့်သတ်မှုများရှိနေသော်လည်း နိုင်ငံ၏အနာဂတ်အတွက် မျက်ခြေမပြတ်စေဘဲ အားလုံးအတွက် အခြေခံလူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ပဏာမတာဝန်များကို အတတ်နိုင်ဆုံး ဖော်ဆောင်သွားရန် ခိုင်မာစွာဆုံးဖြတ်ထားပါကြောင်း၊ အစိုးရအနေဖြင့် ယင်းစိန်ခေါ်မှုများကို ဖြေရှင်းရာ၌ နိုင်ငံတကာအသိုက်အဝန်း၏ ချဉ်းကပ်မှုသည် မျှမျှတတဖြစ်စေလိုကြောင်းဖြင့် အလေးပေးပြောကြားခဲ့ပြီး၊ ကောင်စီအနေဖြင့် အရေးကြီးသည့် အကဲဖြတ်သုံးသပ်ချက် သို့မဟုတ် မူဝါဒရေးရာ ဆုံးဖြတ်ချက်များ မဆောင်ရွက်မီ ပြည့်စုံ၍ ဓမ္မဓိဋ္ဌာန်ကျသည့် အချက်အလက်များအပေါ် သေချာစွာဆန်းစစ် လေ့လာရန် တိုက်တွန်းခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအား နည်းမျိုးစုံဖြင့် ထောက်ပံ့ကူညီနေသည့်အတွက် မိတ်ဆွေများနှင့် မိတ်ဖက်နိုင်ငံများအား ကျေးဇူးတင်ရှိကြောင်းနှင့် မိမိရင်ဆိုင်နေရသည့် သိမ်မွေ့ရှုပ်ထွေးသည့် အရေးကိစ္စအား ဖြေရှင်းရေးအတွက် ၎င်းတို့၏ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများအား ကြိုဆိုကြောင်းတို့ကိုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
(သတင်းစဉ်)


