အငြိမ်းစားဥပဒေအရာရှိတစ်ဦး
ဝန်ထမ်းအဖြစ်မှ အငြိမ်းစားမယူမီ ၂၀၀၄ ခုနှစ် အောက်တိုဘာလက ကုလသမဂ္ဂအထွေထွေညီလာခံ (၅၉) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခွင့် ရခဲ့ပါသည်။ ထိုစဉ်က အတွေ့အကြုံများကို ပြန်လည်အမှတ်တရဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါသည်။
ကုလသမဂ္ဂ၏ သမိုင်းအကျဉ်း
ကုလသမဂ္ဂ၏ သမိုင်းကြောင်းကို လေ့လာပါက ပထမကမ္ဘာစစ်ကြီးပြီးနောက် နိုင်ငံပေါင်းချုပ်အသင်းကြီး (The League of Nations) ပေါ်ပေါက်ခဲ့ပါသည်။ ထိုအသင်းကြီးသည် ဒုတိယကမ္ဘာစစ်ကြီးကို တားဆီးခြင်းမပြုနိုင်ခဲ့ပါ။ ၁၉၃၉ ခုနှစ်မှ ၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပေါ်ခဲ့ပါသည်။ ကမ္ဘာသူ ကမ္ဘာသားများသည် စစ်၏ဒဏ်ကို အလူးအလဲခံခဲ့ကြရပါသည်။
ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ကမ္ဘာ့ခေါင်းဆောင်ကြီးများက ကမ္ဘာကြီးနှင့် လူသားများအတွက် ဤကဲ့သို့ စစ်ကြီးမျိုး ထပ်မံမပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ၁၉၄၁ ခုနှစ် ဩဂုတ်လတွင် Atlantic Charterကို လက်မှတ် ရေးထိုးခဲ့ပါသည်။ ၁၉၄၄ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်နိုင်ငံ၌ Dumbarton Oaks Conference ကို ကျင်းပခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ ကုလသမဂ္ဂဖြစ်ပေါ်လာရန် ဆွေးနွေးခဲ့သော ဆွေးနွေးပွဲများ များစွာရှိခဲ့ပါသည်။ The Charter of the United Nations ကို ၁၉၄၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်များ တက်ရောက်ပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုစဉ်က မတက်ရောက်ဖြစ်ခဲ့သော ပိုလန်နိုင်ငံသည် နောက်ပိုင်းတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သဖြင့် ကုလသမဂ္ဂတွင် မူလအဖွဲ့ဝင် ၅၁ နိုင်ငံ (The UN’s Original 51 Members States) ရှိခဲ့ပါသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် မကြာမီပင် (၁၉-၄-၁၉၄၈) ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများ
ကုလသမဂ္ဂဌာနချုပ်သည် နယူးယောက်မြို့ East River မြစ်ကမ်းပေါ်တွင် တည်ရှိပြီး ၁၈ ဧက ခန့် ကျယ်ဝန်းပါသည်။ ၅၇ ထပ် အမြင့်ရှိသော မြင့်မားထည်ဝါလှပသည့် အဆောက်အအုံကြီးဖြစ်သည်။ ကုလသမဂ္ဂပရိဝုဏ်တွင်း ဝင်ရောက်ရာတွင် ဂိတ်ပေါက်လုံခြုံရေး၌ ဝင်ခွင့်ကတ်ပြားထုတ်ယူပြီး ကျယ်ပြန့်သောခြံဝင်းကြီးကို ဖြတ်သန်းရသည်။ မြေညီထပ်တွင် ကုလသမဂ္ဂစတင်တည်ထောင်သည့် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှ ယနေ့အထိ တာဝန်ထမ်းဆောင်ခဲ့သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်များ၏ ဓာတ်ပုံကြီးများကို မှတ်တမ်းတင်ထားရှိပါသည်။
ကုလသမဂ္ဂ၏ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ကြသူများမှ ပထမဆုံး အထွေထွေအတွင်းရေးမှူးချုပ်မှာ နော်ဝေနိုင်ငံသား ထွီဗွီလီ (Trygve Lie) ဖြစ်ပါသည်။ ထွီဗွီလီသည် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်မှာ ဆွီဒင်နိုင်ငံသား ဒက်ဟားမားရှိုး (Dag Hamm-arskjold) ဖြစ်ပါသည်။ ၁၉၅၃ ခုနှစ်တွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် လေယာဉ်ပျက်ကျကွယ်လွန်ခဲ့ပါသည်။
တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်မှာ မြန်မာနိုင်ငံသား ဦးသန့် ဖြစ်ပါသည်။ ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသန့်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် (သံအမတ်ကြီးအဖြစ် ၁၉၅၇ မှ ၁၉၆၁ အထိ) တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုကာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂ၏ ကွန်ဂိုစေ့စပ်ဖျန်ဖြေရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ဒက်ဟားမားရှိုး လေယာဉ်ပျက်ကျသေဆုံးပြီး နောက်တွင် ၁၉၆၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစ၍ ယာယီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ဦးသန့်အား ကုလသမဂ္ဂအထွေထွေညီလာခံမှ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တညီတညွတ်တည်း ရွေးချယ်ခန့်အပ်ခဲ့ပါသည်။ (၃၀-၁၁-၁၉၆၂) မှ (၃-၁၁-၁၉၆၆) အထိ ပထမအကြိမ် သက်တမ်းကို တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒုတိယအကြိမ်သက်တမ်းကို (၂-၁၂-၁၉၆၆) မှ (၃၁-၁၂-၁၉၇၁) အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးသန့်သည် အငြိမ်းစားယူပြီးနောက် ၁၉၇၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။
စတုတ္ထမြောက် အထွေထွေအတွင်းရေးမှူးချုပ်မှာ ဩစတြီးယားနိုင်ငံမှ ကုတ်ဝါးဟိမ်း (Kurt Waldheim) ဖြစ်ပါသည်။ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပဉ္စမမြောက် အထွေထွေအတွင်းရေးမှူးချုပ်မှာ ပီရူးနိုင်ငံသား ဂျေဗီးယား ပဲရစ် ဒီကွေးလီးယား (Javier Perez De Guellar) ဖြစ်ပါသည်။ ၁၉၈၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၉၉၁ ခုနှစ် ဒီဇင်ဘာ လ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ဆဋ္ဌမမြောက် အထွေထွေအတွင်းရေးမှူးချုပ် မှာ အီဂျစ်နိုင်ငံသား ဘူးထရိုစ် ဘူးထရိုစ် ဂါလီ (Boutros Boutros- Ghali) ဖြစ်ပြီး ၁၉၉၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
သတ္တမမြောက် အထွေထွေအတွင်းရေးမှူးချုပ်မှာ ဂါနာနိုင်ငံမှ ကိုဖီအာနန် (Kofi Annan) ဖြစ်ပြီး ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
အဋ္ဌမမြောက် အထွေထွေအတွင်းရေးမှူးချုပ်မှာ ကိုရီးယားသမ္မတနိုင်ငံမှ ဘန်ကီမွန်း(Ban Ki- Moon) ဖြစ်ပြီး ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
နဝမမြောက်ဖြစ်သည့် လက်ရှိတာဝန်ထမ်းဆောင်နေသော အထွေထွေအတွင်းရေးမှူးချုပ်မှာ ပေါ်တူဂီနိုင်ငံမှ အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်တွင် ဒုတိယသက်တမ်းကို ထပ်မံအရွေးခံရပြီး ဆက်လက်တာဝန် ထမ်းဆောင်လျက်ရှိပါသည်။
ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်းများ
ကုလသမဂ္ဂတွင် ပင်မအဖွဲ့အစည်း ခြောက်ခု ရှိပါသည်။ အထွေထွေညီလာခံ (General Assembly)၊ လုံခြုံရေးကောင်စီ (Security Council)၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ (Economic and Social Council)၊ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီ (Trusteeship Council)၊ အပြည်ပြည်ဆိုင်ရာ တရားရုံး (International Court of Justice)နှင့် အထွေထွေအတွင်းရေးမှူးချုပ်ရုံး (Secretariat) တို့ ဖြစ်ပါသည်။ နိုင်ငံငယ်များ ထိန်းသိမ်းရေးကောင်စီသည် ၁၉၉၄ ခုနှစ်မှစ၍ ၎င်း၏ လုပ်ငန်းများကို ရပ်ဆိုင်းထားပါသည်။ သို့ရာတွင် UN Charter ကို ပြင်ဆင်ခြင်းမပြုဘဲ ပုံမှန်အားဖြင့် ဖျက်သိမ်းခြင်းမပြုနိုင်ပါ။
အထွေထွေညီလာခံတွင် ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် အပြည်ပြည်ဆိုင်ရာ လုံခြုံရေး)၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး)၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ယဉ်ကျေးမှု)၊ စတုတ္ထကော်မတီ (အထူးနိုင်ငံရေးနှင့် ကိုလိုနီဖျက်သိမ်းရေး)၊ ပဉ္စမကော်မတီ (အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်) နှင့် ဆဋ္ဌမကော်မတီ (ဥပဒေ) ဟု ကော်မတီ ခြောက်ခု ရှိသည်။ ဆဋ္ဌမကော်မတီကို ထိုစဉ်က ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဦးဆောင်ပြီး မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပါသည်။
ထိုကော်မတီ အစည်းအဝေးခန်းမကြီး၌ အက္ခရာစဉ်အလိုက် နိုင်ငံများကို နေရာချထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ နေ့စဉ်အစည်းအဝေးများ ကို တစ်ပတ်စာကြိုတင်၍ ဖြန့်ဝေထားပြီး မိမိတို့နိုင်ငံအလိုက် ဆွေးနွေးလိုသည့်ကိစ္စများကို စာဖြင့် ကြိုတင်ပေးပို့ရသည်။ ထို Statement များကို တက်ရောက်သည့် အဖွဲ့ဝင်နိုင်ငံအားလုံးသို့ ဖြန့်ဝေပါသည်။ ဆဋ္ဌမကော်မတီတွင် ဆွေးနွေးသည့် အဓိကအကြောင်းအရာများမှာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ ကိစ္စများဖြစ်ကြပါသည်။
ကုလသမဂ္ဂအထွေထွေညီလာခံသည် ကုလသမဂ္ဂ ၏ အဓိကပင်မအဖွဲ့အစည်းကြီးဖြစ်ပြီး မူဝါဒရေးရာ ကိစ္စများကို ချမှတ်သည့် အရေးအကြီးဆုံး အဖွဲ့ကြီးဖြစ်ပါသည်။ ထိုညီလာခံသို့ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံ အားလုံးတက်ရောက်ရပါသည်။ ထိုညီလာခံကို နှစ်စဉ် စက်တင်ဘာလ တတိယပတ်၊ အင်္ဂါနေ့တွင် စတင်ကျင်းပပါသည်။ ညီလာခံတွင် အရေးကြီးသော ပြဿနာများကို ဆုံးဖြတ်ခြင်း၊ အရေးကြီးသော ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု၊ အပြည်ပြည်ဆိုင်ရာဥပဒေကို စုစည်းမှု၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံနိုင်ရေးနှင့် အခြားကိစ္စများကို တိုက်တွန်းဆွေးနွေးမှုများ ဆောင်ရွက်ကြပါသည်။
ထို့ပြင် ကုလသမဂ္ဂ၏ ဘတ်ဂျက်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာ ထည့်ဝင်မှုများကိုလည်း အတည်ပြုရပါသည်။ အချို့ကိစ္စရပ်များသည် သုံးပုံနှစ်ပုံ မဲရရှိမှုဖြင့် ဆုံးဖြတ်ရပါသည်။ ကျန်ကိစ္စများမှာ တစ်မဲသာစနစ်ဖြင့် ဆုံးဖြတ်ကြပါသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းသည် ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ လူဦးရေများသည်ဖြစ်စေ နည်းသည်ဖြစ်စေ၊ တစ်နိုင်ငံလျှင် မဲတစ်မဲသာ ပေးခွင့်ရှိပါသည်။ ဥပမာအားဖြင့် စင်ကာပူကဲ့သို့ နယ်မြေအကျယ်အဝန်းသေးပြီး လူဦးရေနည်းသော နိုင်ငံနှင့် အမေရိကန်၊ ရုရှား၊ ကနေဒါ၊ တရုတ်ကဲ့သို့ နယ်မြေကျယ်ဝန်းပြီး လူဦးရေများပြားသော နိုင်ငံများမှာလည်း မဲတစ်မဲစီသာ ပေးခွင့်ရှိပါသည်။
လုံခြုံရေးကောင်စီသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းရန် အဓိက တာဝန်ရှိပါသည်။ လုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံ ဖြင့် ဖွဲ့စည်းထားပါသည်။ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမှာ တရုတ်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန်တို့ဖြစ်ပါသည်။ ကျန်အဖွဲ့ဝင် ၁၀ နိုင်ငံမှာ အထွေထွေညီလာခံက နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်ပေးရပါသည်။ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရာတွင် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအပါအဝင် ကိုးနိုင်ငံ၏ ထောက်ခံမဲဖြင့် ဆုံးဖြတ်ရပါသည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအားလုံး လိုက်နာရန် တာဝန်ရှိပါသည်။
စီးပွားရေးနှင့် လူမှုရေးကောင်စီသည် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးသော ပင်မအဖွဲ့ကြီးဖြစ်ပါသည်။ ထိုကောင်စီကို ကုလသမဂ္ဂ အဖွဲ့ဝင် ၅၄ နိုင်ငံဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံက ရွေးချယ်ဖွဲ့စည်းထားပါသည်။
နိုင်ငံငယ်များထိန်းသိမ်းရေးကောင်စီကို အုပ်ချုပ်ခံဒေသ ၁၁ ခု အတွက် ကြည့်ရှုစောင့်ရှောက်ရန် ဖွဲ့စည်းခဲ့ပါသည်။ ထိုအုပ်ချုပ်ခံနယ်မြေအားလုံးသည် ၁၉၉၄ ခုနှစ်တွင် လွတ်လပ်ရေးရရှိသွားပြီးဖြစ်သဖြင့် ထိုကောင်စီ၏ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးကို ကမ္ဘာ့တရားရုံးအဖြစ်လည်း သိရှိကြပါသည်။ ထိုတရားရုံးက ကုလသမဂ္ဂ၏ ပင်မတရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်ပါသည်။ နယ်သာလန်နိုင်ငံ (The Netherlands) ဟိသ်မြို့ (The Hague) တွင် တည်ရှိပြီး ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်းများတွင် နယူးယောက်မြို့၌ မတည်ရှိသော တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။ ထိုတရားရုံးသည် အပြည်ပြည်ဆိုင်ရာကိစ္စများတွင် နိုင်ငံများအကြား၌ ဖြစ်ပွားသော ပြဿနာများကို အဆုံးအဖြတ်ပေးပါသည်။ ထို့ပြင် ကုလသမဂ္ဂ၏ အဖွဲ့အစည်းများက လွှဲအပ်လာသော အပြည်ပြည်ဆိုင်ရာဥပဒေနှင့် သက်ဆိုင်သည့် ပြဿနာများအပေါ် အကြံပေးထင်မြင်ချက်များကိုလည်း ပေးခွင့်ရှိပါသည်။
အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီရုံးက ရွေးချယ်သော တရားသူကြီး ၁၅ ဦးဖြင့် ကိုးနှစ် သက်တမ်းအတွက် ရွေးချယ်တင်မြှောက်ပါသည်။ နိုင်ငံတစ်နိုင်ငံတည်းမှ တရားသူကြီး နှစ်ယောက်ကို ရွေးချယ်ခွင့်မရှိပါ။ တရားသူကြီးများကို ကမ္ဘာ့ပထဝီအနေအထားအရ ကမ္ဘာ့အဓိက ဥပဒေစနစ်ကြီးများကို အချိုးကျ ကိုယ်စားပြုသည့်စနစ်ဖြင့် ရွေးချယ်ပါသည်။
အထွေထွေ အတွင်းရေးမှူးချုပ်ရုံးသည် ကုလသမဂ္ဂ၏ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ ကို အဓိကဆောင်ရွက်သည့် ပင်မအဖွဲ့အစည်းကြီးဖြစ်ပါသည်။ ကုလသမဂ္ဂ၏ နေ့စဉ်လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် အရပ်သားဝန်ထမ်းများဖြင့် ဖွဲ့စည်းထားပါသည်။ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ဦးဆောင်ပြီး ကမ္ဘာပေါ်ရှိ စီးပွားရေးနှင့် လူမှုရေးပြဿနာများကို စာရင်းကောက်ယူခြင်း၊ သုတေသနပြုလုပ်ခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အထောက်အပံ့ပစ္စည်းများကို ထိန်းသိမ်းခြင်း၊ စာရွက်စာတမ်းများကို ကုလသမဂ္ဂ၏ တရားဝင်ဘာသာစကားများဖြင့် ဘာသာပြန်ဆိုခြင်းတို့ကို ဆောင်ရွက်ရပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် ငါးနှစ် သက်တမ်းအတွက် ကုလသမဂ္ဂ အထွေထွေညီလာခံက ခန့်အပ်ရပါသည်။
အထူးကိုယ်စားလှယ်အဖွဲ့အစည်းများ
ကုလသမဂ္ဂတွင် အထူးကိုယ်စားလှယ် အဖွဲ့အစည်းများ၊ ရန်ပုံငွေဖြင့် ထူထောင်ထားသော အဖွဲ့အစည်းများနှင့် အစီအစဉ်များဟု ထူထောင်ထားရှိပါသည်။
အထူးကိုယ်စားလှယ် အဖွဲ့အစည်းများသည် လွတ်လပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများဖြစ်ပြီး ကုလသမဂ္ဂစနစ် အစိတ်အပိုင်းများဖြစ်ပါသည်။ ၎င်းတို့တွင် ကိုယ်ပိုင်ဖွဲ့စည်းပုံ၊ စည်းမျဉ်းများရှိပြီး ထိုအဖွဲ့အစည်းသို့ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးအတွက် အခြားအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီမှုကို ရယူရပါသည်။ အထူးကိုယ်စားလှယ်အဖွဲ့အစည်းများသည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများက ရန်ပုံငွေထည့်ဝင်ရပါသည်။ အထူးကိုယ်စားလှယ်အဖွဲ့အစည်းများမှာ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labour Organization- ILO)၊ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (Food and Agriculture Organization-FAO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) တို့ကဲ့သို့ အဖွဲ့အစည်းများဖြစ်ပါသည်။
ရန်ပုံငွေနှင့် အစီအစဉ်များမှာ သီးခြားကိစ္စများနည်းပညာဆိုင်ရာ ကဏ္ဍများအတွက် စီမံချက်ချ သီးခြားဆောင်ရွက်မှုများကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ၏ ဦးဆောင်ကော်မတီက လမ်းညွှန်မှုများဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ၎င်းတို့၏ ရန်ပုံငွေမှာ ထိုအဖွဲ့အစည်းဝင်နိုင်ငံများ၏ အလိုအလျောက် ရန်ပုံငွေထည့်ဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရပါသည်။ ဥပမာအားဖြင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (The United Nations Children’s Emergency Fund- UNICEF) နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme- WFP) ကဲ့သို့ အဖွဲ့များဖြစ်ပါသည်။
ထို့ပြင် ရန်ပုံငွေနှင့် အစီအစဉ်များမဟုတ်သော ကုလသမဂ္ဂနှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက်နေသည့် အခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများလည်း ရှိပါသည်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency – IAEA)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) စသည့်အဖွဲ့အစည်းများ ကဲ့သို့သော အခြားအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဖြစ်ပါသည်။
ကုလသမဂ္ဂပင်မအဆောက်အအုံ၏ ၃၈ ထပ်တွင် ဥပဒေစာကြည့်တိုက်ရှိပါသည်။ ဥပဒေနှင့် သက်ဆိုင် သော စာအုပ်မျိုးစုံနှင့် စာကူးစက်များ၊ ကွန်ပျူတာနှင့် အင်တာနက်အသုံးပြုမှုများ အားလုံးကို အခမဲ့ကြည့်ရှုပြီး အသုံးပြုနိုင်ပါသည်။ ဘာသာရပ်ပေါင်းစုံ လေ့လာနိုင်သော စာကြည့်တိုက်မှာ ပင်မအဆောက်အအုံကြီးအနီးတွင် တည်ဆောက်ထားပြီး ဒုတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် အသက် ၄၇ နှစ် အရွယ်တွင် တာဝန်ပေးအပ် ခြင်းခံရသော ဒက်ဟာမားရှိုး (Dag Hammarskjold) ကို ဂုဏ်ပြုသောအားဖြင့် ဒက်ဟာမားရှိုး စာကြည့်တိုက်ဟု ခေါ်ဆိုပါသည်။
ကုလသမဂ္ဂပင်မအဆောက်အအုံ၏ မြေအောက်ထပ်တွင် အမှတ်တရပစ္စည်းများ ရောင်းသည့်ဆိုင်များ၊ စာအုပ်ဆိုင်များ၊ စားသောက်ဆိုင်များ စုံလင်စွာရှိသည်။ အဖိုးတန်စာအုပ်များ၊ ကုလသမဂ္ဂနှင့်ဆိုင်သော အမှတ်တရပစ္စည်းများ ဝယ်ယူနိုင်ပါ သည်။
ကုလသမဂ္ဂသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကမ္ဘာ့နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် ထိုသို့သော အနိဌာရုံစစ်ပွဲကြီးများ ထပ်မံမဖြစ်စေရန် အဓိကအားဖြင့် ရည်ရွယ်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် တတိယကမ္ဘာစစ်ဖြစ်လုနီးပါး အခြေအနေတင်းမာမှုများ ဖြစ်ပွားလျက်ရှိရာ ယနေ့အချိန်အထိမှာကား တတိယကမ္ဘာစစ်မဖြစ်ရန် ထိန်းသိမ်းနိုင်သေးသည့် အခြေအနေရှိပါသည်။ ကမ္ဘာပေါ်တွင် ကမ္ဘာ့ခေါင်းဆောင်များ အပါအဝင် လူသားများအားလုံး၏ လောဘ၊ ဒေါသ၊ မောဟများ တတ်နိုင်သလောက် လျှော့ချထိန်းသိမ်းနိုင်မည်ဆိုပါက ထိုကဲ့သို့သော တင်းမာမှုများလျော့ကျပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
ကမ္ဘာ့သမိုင်းတွင် ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့ကို မျက်ဝါးထင်ထင် တွေ့ကြုံခံစားလိုက်ရသူများမှာ “စစ်ဆိုသည့်” အသံကို လုံးဝ ကြားချင်စိတ်ရှိကြမည်မဟုတ်ပါ။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်တို့တွင်လည်း စစ်ပွဲများဖြစ်ခဲ့ကြသည်။ သို့ရာတွင် ကမ္ဘာပျက်လောက်သည့် လက်နက်အထူးအဆန်းများ မပေါ်ပေါက်သေးသဖြင့် ထိခိုက်သေကျေပျက်စီးမှု နည်းပါးပါသည်။ ဓား၊ လှံ၊ သေနတ်များ ပေါ်ပေါက်လာသည့်အခါ ရှေးခေတ်များထက် ပိုမို၍ သေကျေပျက်စီးမှု များပြားလာပါသည်။ ထို့ထက်ပို၍ အဏုမြူခေတ်သို့ ရောက်ရှိသည့်အခါ ကမ္ဘာကြီးတစ်ခုလုံးကိုပင် ပျက်စီးသွားနိုင်စေသည့် အခြေအနေမျိုးသို့ ရောက်ရှိလာပါသည်။
ကမ္ဘာ့လူသားများအကျိုးအတွက် ဆေးပညာ၊ ဆက်သွယ်ရေးပညာ၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးစသည့် ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ခြင်းသည် လူသားများအကျိုးကို ဖြစ်ထွန်းစေပါသည်။ ကမ္ဘာ့လူသားများကို ဖျက်ဆီးနိုင်သော လက်နက်စမ်းသပ်တီထွင်မှုများမှာမူ တစ်ဦးနှင့် တစ်ဦး အင်အားပြိုင်ပြီး ပျက်စီးခြင်းတရားသို့သာ ဦးတည်မည်ဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကို စိတ်ပိုင်းဆိုင်ရာဖြင့် လူသားများကောင်းကျိုးအတွက် ထိန်းသိမ်းသွားနိုင်ရန် လိုအပ်ပါသည်။ ယခုအချိန်အခါတွင် လူငယ်များသည် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနောက်ကိုလိုက်ရင်း စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွင် လွဲမှားသော အယူအဆများကြောင့် ခေတ်မီတိုးတက်မှုများကို တလွဲအသုံးချမှုများ ရှိနေပါသည်။
လူငယ်များ၏ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး၊ ဘာသာသာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ချစ်ခင်မြတ်နိုး ထိန်းသိမ်းစောင့်ရှောက်လိုသော စိတ်ဓာတ်များကိုလည်း လေ့ကျင့်ပျိုးထောင်ပေးရန် လိုအပ်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမကို အနှစ်ချုပ်ပါက -
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား” ဟု ဆုံးမတော်မူထားပါသည်။ အဓိပ္ပာယ်မှာ အလွန်လေးနက်လှပါသည်။ လူသားများသည် ထို အဆုံးအမတရားများကို တတ်နိုင်သမျှ လိုက်နာခြင်းဖြင့်သာ ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာမှု ရရှိမည်ဖြစ်ပါသည်။
ဘာသာတရားတိုင်း၏ အဆုံးအမမှာလည်း ဤအတိုင်းပင်ဖြစ်ပါသည်။ မည်သည့်ဘာသာကမျှ မကောင်းမှုလုပ်ရန်၊ သူ့အသက်သတ်ရန်၊ သူ့ဥစ္စာခိုးရန် မတိုက်တွန်းကြပါ။ ကမ္ဘာ့လူသားများသည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာ၊ မည်သည့်အရပ်ဒေသတွင် နေသည်ဖြစ်စေ တစ်ဦးနှင့်တစ်ဦး မေတ္တာ၊ စေတနာ၊ ကရုဏာဖြင့် စိတ်ကောင်းများ ထားရှိမည်ဆိုပါက ခိုက်ရန်ဖြစ်ပွားခြင်း၊ စစ်မက်ဖြစ်ပွားခြင်းများ နည်းပါးကြမည်ဖြစ်ပါသည်။ လူသားများ ကောင်းကျိုးချမ်းသာတိုးတက်မှုအတွက် တီထွင်ဆန်းသစ်မှုများသည် အလွန်ကောင်းမွန်ပါသည်။ သို့ရာတွင် လူသားများကို သေကျေပျက်စီးစေမည့် အဖျက်လက်နက်ဆန်းများ တီထွင်တိုးတက်ခြင်းမှာမူ အလွန်စိုးရိမ်ကြောက်ရွံ့ဖွယ် တိုးတက်မှုများဖြစ်ပါသည်။
ကုလသမဂ္ဂကို ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် နိုင်ငံများက စုပေါင်းဖွဲ့စည်းခဲ့ကြပါသည်။ ယခုဆိုလျှင် နှစ် ၈၀ သက်တမ်းသို့ ရောက်ရှိခဲ့ပါပြီ။ ကမ္ဘာပေါ်တွင် စစ်ပွဲများ ဖြစ်ပွားနေကြသော်လည်း ကမ္ဘာစစ်အဖြစ်သို့ မရောက်ရှိစေရန် ထိန်းသိမ်းနိုင်ခဲ့ပါသည်။
ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ခဲ့သူများ တစ်ဦးပြီး တစ်ဦး ပြောင်းလဲခဲ့ပါသော်လည်း ကုလသမဂ္ဂကြီးကား ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။ ကမ္ဘာတည်သရွေ့ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားများအကျိုးကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုဆုတောင်းလိုက်ရပါသည်။ ။


