မေ ၁၃

 

၂၀၂၀ ပြည့်နှစ် မေလအတွင်း ရန်ကုန်၏ နေ့စဉ်ပျမ်းမျှအပူချိန်က တစ်စတစ် တိုးလာနေသည်။ အပူရှိန်မြင့်တက်လာမှုနည်းတူ ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်မှုကလည်း တစ်နေ့တခြား တိုးလာနေသည်။ အပူချိန်မြင့်မားမှု၊ ကိုဗစ်-၁၉ ကူးစက်မှုကြားမှပင် ရန်ကုန်လူထုသည် နေ့စဉ်ဘဝရပ်တည်ရေးကို ရုန်းကန်နေကြရသည်။ ပူပြင်းသော နေရောင်အောက်တွင် စားဝတ် နေရေးအတွက် ရုန်းကန်နေကြရသဖြင့် မကြာခဏ အန္တရာယ်ကြုံတွေ့နေရသော သတင်းများကို ကြားနေရသည်။

 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားသည်ဟု ကြားသိစဉ်က ရန်ကုန်၏ သွားလာမှုအခြေအနေမှာ မူလ အတိုင်း ဟန်မပျက်ရှိနေခဲ့သည်။ ကမ္ဘာအနှံ့သို့ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့နေစဉ်ကလည်း ရန်ကုန် ၏ နေ့စဉ်လူမှုပတ်ဝန်းကျင်ကို ရိုက်ခတ်မှု မရှိခဲ့ချေ။ ထိုစဉ်က ရန်ကုန်မြို့ရှိ နိုင်ငံတကာ အဆင့်မီ ဟိုတယ်ကြီးများနှင့် စားသောက်ဆိုင် ကြီးအချို့တွင် ခန္ဓာကိုယ်အပူချိန်တိုင်းတာမှု များသာ ရှိခဲ့သည်။ ရန်ကုန်လေဆိပ်တွင် ကျန်းမာရေးနှင့် ပတ်သက်၍ ဂရုတစိုက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

 

ဈေးဆိုင်များ ပိတ်သိမ်းကုန်

 

ရန်ကုန်မြို့တော်တွင် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ ပိုးစတင်တွေ့ရှိရာ မတ်လ အတွင်းမှစ၍ လူထုက လှုပ်လှုပ်ရှားရှား ဖြစ်လာ သည်။ စီးပွားရေးလုပ်ကိုင်နေကြသော လုပ်ငန်း၊ ကုမ္ပဏီအချို့က ပိတ်လိုက်ကြသည်။ ပုဂ္ဂလိကဝန်ထမ်းအချို့က သင်္ကြန်ကာလ ရုံးပိတ်ရက်နှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်အောင် ခွင့်ယူကာ နယ်အရပ်များသို့ အိမ်ပြန်ခရီးစတင်သည်။ စက်ရုံအလုပ်ရုံအချို့ ပိတ်သိမ်း၍ အလုပ်သမားအချို့ အလုပ်လက်မဲ့ ဖြစ်ကြရသည်။ ဧပြီလဆန်းပိုင်းတွင် ရန်ကုန် မြို့ လမ်းမကြီးများပေါ် သွားလာနေသော လူဦးရေလျော့နည်းလာမှုကြောင့် လမ်းဘေး ဈေးဆိုင်များ ပိတ်သိမ်းကုန်သည်။

 

အစိုးရရုံးဌာနအချို့ ခွင့်အနားပေးခြင်း များရှိလာသကဲ့သို့ အချို့မှာ တစ်ရက်ဆင်း တစ်ရက်နား စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြ သည်။ အလုပ်ခွင်အချို့က ရုံးတက်ရုံးဆင်း မပြုစေတော့ဘဲ မိမိနေအိမ်မှာသာ အလုပ်လုပ် စေသည်။ မြို့နယ်များတွင် သံသယလူနာများ ထားရှိရန် ကန့်သတ်စောင့်ကြည့်ရာ နေရာများ ပြုလုပ်လာကြသည်။ သင်္ကြန်ရုံးပိတ်ရက် ကာလ၌ ပထမအကြိမ်အဖြစ် အိမ်တွင်နေထိုင် ခြင်း အစီအစဉ်စတင်သည်။ တရားမဝင် လမ်းဘေးဈေးသည်များ နီးကပ်စွာ ရောင်းချ မှုကြောင့် မြို့နယ်များတွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ် များနှင့် မြို့နယ်များရှိ စည်ပင်သာယာရေး အဖွဲ့များ၏ ဖြေရှင်းမှုကြောင့် ဝေဖန်မှု အရှိန် လျော့ကျသွားသည်။

 

မညည်းမညူ ဆောင်ရွက်ပေးနေ

 

ရန်ကုန်မြို့ ပရဟိတအသင်းများ၏ လှုပ်ရှားမှုများ ပိုမိုအားကောင်းလာသည်။ နိုင်ငံတော်၏ ဆင်းရဲနွမ်းပါးသူ ထောက်ပံရေး အစီအစဉ်တွင် ပါဝင်အားဖြည့်သည်။ မိမိ ရန်ပုံငွေ၊ အလှူရှင်များ၏ လှူဒါန်းငွေတို့ဖြင့် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသည်။ သောက်ရေအတွက် ရေသန့်လိုအပ်မှုကအစ လှူဒါန်းမှုပြုလုပ်လာကြသည်။ သွားလာမှု ကန့်သတ်သည့် ဒေသန္တရအမိန့် ထုတ်ပြန် ထားသော နေရာများတွင်လည်းကောင်း၊ ကွာရန်တင်းစင်တာများတွင် လည်းကောင်း လူငယ်ပရဟိတအသင်းဝင်တို့၏ မညည်းမညူ ဆောင်ရွက်ပေးနေမှုများကို တွေ့မြင်ရသည်။ ရန်ကုန်မြို့၏ နောက်ဖေးလမ်းကြားဥယျာဉ် စီမံကိန်းများ အကောင်အထည်ဖော်လျက် ရှိသော ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့က “I DO NATION” ဟူသော ခေါင်းစဉ်ဖြင့် နီးစပ်ရာ လမ်းဘေးဈေးသည်များအား စတင်ထောက်ပံ့ မှု ပြုခဲ့သည်။

 

ရောဂါကူးစက်ပျံ့နှံ့မှုနှုန်း မြင့်မားလာနိုင်မှု ကြောင့် ဝေဘာဂီအထူးကုဆေးရုံကြီးနှင့် တောင်ဥက္ကလာပ အမျိုးသမီးဆေးရုံကို ကနဦး လူနာများထားရှိပြီး ပိုမိုများပြားလာပါက အောက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် လူနာများ ဆက်လက်ထားရှိ ရန် တိုင်းဒေသကြီးအစိုးရက စီစဉ်သည်။ ဖောင်ကြီးကုသရေးစင်တာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ သူနာပြု များသာမက တပ်မတော်နှင့် ပုဂ္ဂလိကဆေးရုံ များအသင်းတို့မှ ဆရာဝန်၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများဖြင့် ထပ်မံ အားဖြည့်သည်။

 

စည်းကမ်းတကျလုပ်ကိုင်

 

သင်္ကြန်ရုံးပိတ်ရက်ကာလ ပြီးဆုံးပြီး နောက် နယ်အသီးသီးမှ အလုပ်သမား၊ ဝန်ထမ်းများ လုပ်ငန်းခွင်ဝင်ရန် ပြန်လည် ရောက်ရှိလာကြသည်။ ကုန်ကြမ်းရရှိမှုနှင့် ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် စက်ရုံများမှာ ဆက်လက်ပိတ်ထားမြဲဖြစ်သည်။ သက်ဆိုင်ရာ စစ်ဆေးမှုဖြင့် စည်းကမ်းတကျ လုပ်ကိုင် ဆောင်ရွက်နိုင်မှုပြယုဂ်ရှိသော စက်ရုံများကို ဖွင့်လှစ်အလုပ်လုပ်ခွင့် ပေးခဲ့သည်။ ဒေသန္တရ အမိန့်များနှင့် ခရီးသည်နည်းပါးမှု၊ ယာဉ်မောင်း များ၏ စိုးရိမ်မှုကြောင့် အဝေးပြေးယာဉ်လိုင်း ကြီးများ ရပ်နားထားရသည်။ အချို့ ပြေးဆွဲ သော အဝေးပြေးယာဉ်ကြီးများတွင် ခရီးသည် တစ်ဦးစ၊ နှစ်ဦးစသာ စီးနင်းလိုက်ပါကြ သည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်၏ ထုတ်ပြန်ချက်များအရ ဧပြီ ၂၀ ရက်တွင် YBS ယာဉ်လိုင်းပေါင်း ၉၇ လိုင်းမှ မော်တော်ယာဉ် အစီးရေ ၁၃၀၀ ဖြင့် ခရီးသည် ၁၃၇၆၈၈ ဦး ကိုလည်းကောင်း၊ မေ ၁ ရက်တွင် YBS ယာဉ်လိုင်းပေါင်း ၁၀၀ လိုင်းမှ မော်တော်ယာဉ် အစီးရေ ၁၆၄၄ စီးဖြင့် ခရီးသည် ၂၂၈၂၅၅ ဦး ကိုလည်းကောင်း၊ မေ ၁ ရက်တွင် YBS ယာဉ်လိုင်းပေါင်း ၁၀၂ လိုင်းမှ မော်တော်ယာဉ် အစီးရေ ၂၂၉၀ ဖြင့် ခရီးသည် ၃၅၂၇၅၈ ဦး ကိုလည်းကောင်း သယ်ယူပို့ဆောင် ပြေးဆွဲ ပေးနိုင်ခဲ့ရာ ခရီးသည်လိုက်ပါစီးနင်းမှု တစ်နေ့ထက်တစ်နေ့ ပြန်လည်များပြား လာလျက်ရှိသည်ကို တွေ့ရသည်။

 

စိတ်ရှည်လက်ရှည်ဖြေကြား

 

ရန်ကုန်သတင်းထောက်များ သတင်း ရယူရေး အခက်အခဲဖြစ်ကြရသည်။ သတင်း ထောက်အများစုမှာ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းကာ သတင်းရယူကြရသည်။ သတင်း ထောက်များနှင့် အမြဲတစေ ထိတွေ့ဆက်ဆံ လေ့ရှိသော ဌာနဆိုင်ရာတာဝန်ရှိသူအချို့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့ ခေါင်းဆောင်များမှာ နားလည်မှုရှိစွာ တလေး တစား ပြန်လည် ဖြေကြားပေးကြသည်။ သတင်းထောက်များ၏ အီးမေးလ်များ၊ ဖုန်းများသို့ ထုတ်ပြန်ချက်များ၊ သတင်းဓာတ်ပုံများ၊ သတင်းထောက်များ အသုံးပြုနိုင်သော ကိန်းဂဏန်းဆိုင်ရာ အချက် အလက်များကို မတောင်းမီကပင် ပြည့်စုံစွာထည့်သွင်းပေးတတ်ကြသည်။ အလုပ်မအား၍ ဖုန်းမကိုင်ဖြစ်သော်လည်း အလုပ်ပါးချိန်တွင် ပြန်လည်ဖုန်းခေါ်၍ သတင်းထောက် သိလို သမျှကို စိတ်ရှည်လက်ရှည် ဖြေကြားပေးကြ သည်။

 

အဆင့်ဆင့်လွှဲချတတ်

 

အချို့သော ဌာနဆိုင်ရာများမှာမူ မလို အပ်ဘဲ အချိန်ဆွဲခဲ့ကြသည်။ မေးမြန်းခွင့်ကို စာဖြင့်တောင်းခံရန်၊ ကြိုတင်မေးခွန်းပေးပို့ရန်၊ တင်ပြချက်ခွင့်တောင်းမှုပုံစံ မပြည့်စုံသဖြင့် ပြန်လည်တင်ပြရန် စသည်ဖြင့် အကြောင်း အမျိုးမျိုးပြကြသည်။ တာဝန်ယူဖြေကြားခြင်း မရှိဘဲ အထက်-အောက် အဆင့်ဆင့် လွှဲချတတ်သည်။ တရားဝင်ဆက်သွယ်ရန် ဖော်ပြထားသော ဌာနဆိုင်ရာဖုန်းများ၏ မြည်သံကို မျက်ကွယ်ပြုတတ်ကြသည်။ နေ့စဉ်ဖြစ်ပွားနေသော ကိစ္စရပ်များကို အချိန် ဆွဲခြင်းဖြင့် မေ့မေ့ပျောက်ပျောက် ဖြေရှင်းလို ကြသည်။ ဤသည်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ သတင်းသမားများ အတွက် သတင်းရယူမှု အခက်အခဲများ ဖြစ်သည်။

 

ဤသည်တို့မှာ ကိုဗစ် - ၁၉ ဖြစ်ပွားနေစဉ် ရန်ကုန်မြို့တော်တွင် လက်ရှိဖြစ်ပေါ်နေသော အဖြစ်အပျက်များအနက်မှ အချို့ကို ကောက် နုတ်တင်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ ။

 

ရှင်နော်၊ ဓာတ်ပုံ - အာကာစိုး