မယ်စဲ့  ၁၀ ဖေဖော်ဝါရီ


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးကျော်သန်းလင်း၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲက မယ်စဲ့မြို့နယ် အတွင်းရှိ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

123


ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မယ်စဲ့မြို့ မြို့နယ်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ မယ်စဲ့-ဟိုစဲ့လမ်းတိုးချဲ့ ဖောက်လုပ်နေမှုအခြေအနေ၊ အထက(ဟိုစဲ့)တွင် (၉၀×၃၀)ပေ Steel Structure တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အားကစားကွင်းအား မြို့နယ်အဆင့်နှင့် လျော်ညီစေရေး လိုအပ်ချက်များကို တွက်ချက်တင်ပြရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး အထက(ဟိုစဲ့)တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းခွဲကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

 

123


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟိုစဲ့-လမ်းဆုံ အရှည် ၇ မိုင် 11KV ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ 11/0.4KV၊ 100KVA ထရန်စဖော်မာ တည်ဆောက်ခြင်းလုပ်ငန်း၊ လမ်းဆုံကျေးရွာတွင် 400V ဓာတ်အားလိုင်း (ဝ.၅၃)မိုင် သွယ်တန်းခြင်းလုပ်ငန်းတို့ကို လည်းကောင်း၊ ပန်တိန်း-လမ်းဆုံ အရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ ကတ္တရာ အဆင့်မြှင့်တင်မှုလုပ်ငန်း၊ နိုင်ငံတကာ ဆက်သွယ်ရေးလမ်းပိုင်းဖြစ်သည့် ဖားဆောင်း- မယ်ဆည်နမ်- မယ်စဲ့- နမ့်မန်း- ဘီပီ (၁၃)လမ်း အဆင့်မြှင့်တင်မှုအခြေအနေ၊ ပန်တိန်းကျေးရွာ မီးသတ်စခန်း ဆောက်လုပ်နေမှု အခြေအနေနှင့် ပန်တိန်းကျေးရွာခန်းမဆောင် ဆောက်လုပ်မည့် မြေနေရာတို့ကိုလည်းကောင်း၊ မယ်စဲ့မြို့ တောင်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့တွင် မြို့တွင်းပလပ်ဖောင်းနှင့် ကျောက်စီရေမြောင်း တည်ဆောက်ခြင်း၊ လမ်းမီးများထွန်းညှိမည့် မြေနေရာတို့ကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ တိုးချဲ့လူနာ(၂)ထပ်ဆောင် ဆောက်လုပ်နေမှု အခြေအနေတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မီးတိုင်များ သွယ်တန်းရာတွင် စနစ်တကျ ဖြစ်စေရေး ဆောင်ရွက်ကြရန်၊ ဌာနများအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ မြေပြင်တွင် အကောင်အထည်ဖော်ရာ၌ လိုအပ်ချက်၊ အားနည်းချက်များ မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဝတ်ရည်(ပြန်/ဆက်)