ဒီဇင်ဘာ ၁၇

လာအို-ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးမည့် လာအိုနိုင်ငံ ဘိုလီခမ်းဆိုင်းပြည်နယ်နှင့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘွမ်ကန်ပြည်နယ်တို့ကို ဆက်သွယ်ပေးထားသော ငါးခုမြောက် လာအို-ထိုင်း ချစ်ကြည်ရေးတံတားကို ဒီဇင်ဘာ ၂၅ ရက်တွင် အများပြည်သူအတွက် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်စစ်ဆေးခြင်း၊ စာရွက်စာတမ်းမှတ်ပုံတင်ခြင်းနှင့် အခြားဝန်ဆောင်မှု အထောက်အကူပြုပစ္စည်းများ အပါအဝင် လုပ်ငန်းလည်ပတ်မှုစနစ်များကို စမ်းသပ်ရန် နောက်ဆုံးပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း လာအိုသတင်းအေဂျင်စီက ယနေ့တွင် ဖော်ပြထားသည်။

အဆိုပါတံတားသည် မဲခေါင်မြစ်တစ်လျှောက် မီတာ ၁၃၅၀ ရှည်လျားပြီး လာအိုဘက်ခြမ်းတွင် မီတာ ၅၃၅ နှင့် ထိုင်းဘက်ခြမ်းတွင် မီတာ ၈၁၅ ရှိပြီး အကျယ် ၁၇ ဒသမ ၄ မီတာရှိကာ ယာဉ်ကြောနှစ်လမ်းသွား၊ အလယ်ဗဟိုနှင့် နှစ်ဖက်စလုံးတွင် လမ်းလျှောက်လမ်းများပါရှိသည်ဟု သိရသည်။

ထိုတံတားသည် လာအိုနှင့် ထိုင်းနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးနှင့် ပြည်သူချင်းချိတ်ဆက်မှုကို မြှင့်တင်ပေးမည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို