လာအိုနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ပထမဆုံး တွေ့ရှိ

 

 

ဗီယင်ကျန်း၊ စက်တင်ဘာ  ၂၀

 

လာအိုနိုင်ငံ၌ မျောက်ကျောက်ရောဂါ ကူးစက်ခံရသည့် အမျိုးသားတစ်ဦးကို ပထမဆုံး   စတင် တွေ့ရှိခဲ့ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက  ပြောကြားသည်။  ယခုကဲ့သို့ နိုင်ငံအတွင်း မျောက်ကျောက်ရောဂါ  ကူးစက်မှုရှိလာသဖြင့်   သတိပြုနေထိုင်ကြရန် နိုင်ငံသားများအား တာဝန်ရှိသူများက ညွှန်ကြားသည်။

 

၎င်းအမျိုးသားသည် အိမ်နီးချင်းနိုင်ငံသို့ သွားရောက်ခဲ့ရာမှ ပြန်လာပြီးနောက်ရောဂါ ကူးစက်ကြောင်း  တွေ့ရှိရသဖြင့် မြို့တော်ဗီယင်ကျန်းရှိ ဆေးရုံတွင် ကုသမှုခံယူနေရသည်။  လာအို နိုင်ငံမှ မျောက်ကျောက်ရောဂါ ကူးစက်မှုဖြစ်ပွားနေသည့် ပြည်ပနိုင်ငံများသို့ သွားရောက်သူများပြားနေသဖြင့် နိုင်ငံအတွင်း  ရောဂါကူးစက်ခံရသူ အများအပြားရှိနိုင်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ နိုင်ငံအတွင်းရှိ နယ်စပ်ဒေသ ပြည်နယ်များ၌ မျောက်ကျောက်ရောဂါ နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရန် ကျန်းမာရေး ဝန်ကြီးဌာနက ဒေသန္တရတာဝန်ရှိသူများအား ညွှန်ကြားထားသည်။ 

 

အကြံပြုထား

 

အဖျားရောဂါ  ခံစားနေရပြီး အကျိတ်အဖုရှိနေသူများကို မျောက်ကျောက်ရောဂါ ရှိ၊ မရှိ စမ်းသပ်ရန် ဝန်ကြီးဌာနက အကြပြုထားသည်။ ပြည်နယ် ကျန်းမာရေးဌာနများကို မျောက်ကျောက်ရောဂါ စမ်းသပ်ရန်အတွက် ဓာတ်ခွဲခန်းများ ထူထောင်ရန်လည်း  ဝန်ကြီးဌာနက  အကြံပြုထားသည်။  ထို့အပြင်  လူနာမျာအား အချိန်မီကုသရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီး ရောဂါကူးစက်မှု ကင်းဝေး စေမည့်  နည်းလမ်းများကို ပြည်သူများအား  ကျန်းမာရေး အသိပညာပေးသင့်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ဒေသန္တရ ကျန်းမာရေးတာဝန်ရှိသူများအား ထပ်လောင်း ညွှန်ကြားထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ