လာအိုနိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၃၀၀၀၀ ကျော်ရှိလာ

အောက်တိုဘာ ၁၃

လာအိုနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၆၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက်  အောက်တိုဘာလ ၁၂ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၃၀၃၂၃ ဦး ရှိလာကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် ယနေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၇ ဦး ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းအချက်အလက်နှင့် ကျန်းမာရေးအသိပညာပေးဌာနက သတင်းထုတ်ပြန်ထားသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးဒေသသည် Oudomxay ပြည်နယ်ဖြစ်ပြီး ယင်းရောဂါဖြစ်ပွားသူ ၅၂၅၈ ဦးရှိကာ မြို့တော်ဗီယင်ကျန်းတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၄၉၇ ဦးရှိပြီး ခမ်မူအန်ပြည်နယ်တွင် ၃၇၂၁ ဦးရှိကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက မိုးရာသီတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့်ခြင်များ ပေါက်ဖွားမှုများပြားလာသဖြင့် အနီးပတ်ဝန်းကျင်တွင်ရေများအိုင်နေသောကြောင့် နိုင်ငံအတွင်းရှိနိုင်ငံသားများအနေဖြင့် သတိဖြင့်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကာကွယ်တိုက်ဖျက်ရာတွင် ပိုမိုကောင်းမွန်သောကျန်းမာရေးဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် ဆေးဘက်ဆိုင်ရာကျန်းမာရေးကျွမ်းကျင်ပညာရှင်များ၏ စွမ်းဆောင်ရည်ကိုဆက်လက်မြှင့်တင် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကတိပြုပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို