ဗီယင်ကျန်း စက်တင်ဘာ ၂၂
လာအိုနိုင်ငံရှိ ကလေးများ ကာကွယ်ဆေးထိုးနှံခွင့် တန်းတူရရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေကြောင်း သိရသည်။
ယခုဆောင်ရွက်ချက်သည် ကလေးများတွင် ကာကွယ်ကုသနိုင်သည့်ရောဂါများ မဖြစ်စေရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။
နိုင်ငံရှိ ကျေးလက်ဒေသများတွင်နေထိုင်သည့် အသက်နှစ်နှစ်မှ ၁၂ နှစ်ရှိ ကလေးများ၏ ၁၅ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးထိုးနှံခြင်း မဆောင်ရွက်ရသေးသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ မှတ်တမ်းအရ သိရသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဌာနများနှင့် ဝေးသည့်ဒေသများတွင်နေထိုင်သည့် ကလေးများအတွက် လာရောက်ထိုးနှံရန် အခက်အခဲရှိခြင်း၊ ဆေးလုံလောက်မှုမရှိခြင်း၊ အသိပညာပေးလုပ်ငန်းများ အားနည်းခြင်း စသည့်အခက်အခဲများရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှတ်တမ်းအရ သိရသည်။ သို့ရာတွင် အရည်အသွေးရှိသည့် ကျန်းမာရေးဝန်ထမ်းများ မွေးထုတ်ခြင်းနှင့် ရပ်ရွာများမှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယင်းမှတ်တမ်းအရ သိရသည်။
ကာကွယ်ဆေးများ အလုံအလောက်ပံ့ပိုးပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအား ကျေးလက်ဒေသများအထိစေလွှတ်ကာ ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အမျိုးသားရည်မှန်းချက်ဖြစ်သည့် ကာကွယ်ဆေးထိုးလုပ်ငန်းရည်မှန်းချက် အောင်မြင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


