နေပြည်တော် ၁၇ ဧပြီ

 


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့မွန်းလွဲ ၂ နာရီတွင် နေ့စဉ်မိုးလေဝသသတင်း ထုတ်ပြန်ရာ ယနေ့နံနက် ၉ နာရီခွဲထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်မှာ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်အများအားဖြင့် သာယာခဲ့ပါသည်။ နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်ခန့်သာရှိခဲ့ပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ဧပြီလ၏ပုံမှန်အပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ပုံမှန်အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့သည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ညောင်ဦးမြို့၊ ချောက်မြို့၊ တောင်တွင်းကြီးမြို့၊ ဂန့်ဂေါမြို့၊ ဆင်ဖြူကျွန်းမြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီနှင့် မုံရွာမြို့၊ ကြေးမုံမြို့၊ မြင်းမူမြို့၊ မြင်းခြံမြို့၊ မကွေးမြို့၊ ပခုက္ကူမြို့နှင့် ပေါက်မြို့တို့တွင် (၄၃)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကော့သောင်းမြို့တွင် (ဝ.၁၂)လက်မနှင့် ဟုမ္မလင်းမြို့တွင် (ဝ.ဝ၈) လက်မတို့ ဖြစ်ကြသည်။

 


ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 


မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်မှာ ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀)ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

 


မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့်ရှိနိုင်သည်။

 


နောက်(၂)ရက်အတွက် ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။

 


မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်များမှာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ အနီးတစ်ဝိုက်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်။

 


MDN