လားရှိုး ၁၄ ဖော်ဝါရီ
လားရှိုးခရိုင်မီးသတ်တပ်ဖွဲ့နှင့် လားရှိုးမြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ လားရှိုးမြို့ မြို့မဈေးကြီး၌ ယနေ့ နံနက် ၇ နာရီခွဲက ဈေးမီးဘေးလုံခြုံရေးနှင့်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးဇတ်တိုက်လေ့ကျင့်မှုကို လားရှိုးခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးမျိုးထွဋ်ဦး ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦး၊ မီးသတ်ယာဉ်(၄)စီးတို့နှင့် မြို့မဈေးအရန်မီးသတ်တပ်ဖွဲ့များပူးပေါင်းသရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
လားရှိုးမြို့မဈေးကြီးသည် ဆိုင်ခန်းပေါင်း(၂၆၂၃)ခန်း၊ မန်ဆူဈေးသည် ဆိုင်ခန်းပေါင်း(၃၀၆)ခန်းဖြင့် ဖွဲ့စည်းတည်ရှိပြီး ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကျရောက်လာပါက ထိတ်လန့်ကြောက်ရွံ့မှုမဖြစ်နေပဲ ကိုယ်တိုင်မီးငြိမ်းသတ်နိုင်ရေးကို ခရိုင်မီးသတ်ဦးစီးဌာနမှ လက်တွေ့သရုပ်ပြသပေးခဲ့သည်။
မီးဘေးလုံခြုံရေးဇတ်တိုက်လေ့ကျင့်မှုသို့ ပြည်နယ်စည်ပင်သာယာရေးဌာနခွဲတာဝန်ခံ ဦးနေလင်း၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးအောင်ချိုနှင့် ကော်မတီဝင်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအာကာလင်းနှင့် ကော်မတီဝင်များ၊လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းရွှေ ဦးစီးအဖွဲ့နှင့်ဈေးမိဈေးဖများ၊ဈေးသူဈေးသားများက စုပေါင်းပါဝင်ခဲ့ကြသည်။
ထို့အတူ လားရှိုးမန်ဆူဈေးကြီး၌လည်း မီးဘေးအန္တရာယ်ကျရောက်လာပါက ဈေးသူဈေးသားများပါဝင်လျှက် ကိုယ်တိုင်မီးငြိမ်းသတ်နိုင်ရေးကို လက်တွေ့သရုပ်ပြဇတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)


