လားရှိုး နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက် ၉ နာရီက အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်မှူး ဦးဇော်ဌေးအောင်၊ ပြည်နယ်ပညာရေးမှူးရုံးခွဲ(ရှမ်းမြောက်)မှ ညွှန်ကြားရေးမှူး ဦးတင့်ဆွေနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းတို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပနိုင်ရေးအတွက် ချီးမြှင့် ပေးအပ်သည့် ငွေကျပ်သိန်း ၃၀ ကို ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ပေးအပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တွဲဖက်ပြည်နယ်မှူး ဦးဇော်ဌေးအောင်ကလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဟိုတယ်လုပ်ငန်းရှင်အသင်းနှင့် စက်သုံးဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများကလည်းကောင်း၊ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)ဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့ (မမလားရှိုး)က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြူကလည်းကောင်း လက်ခံရယူခဲ့ကြသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ စသည့်ဖြင့် ဉာဏစွမ်းရည်ပြိုင်ပွဲ ငါးပွဲ၊ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဆန်ကောရွက်၊ ခါးလှည့်၊ မုန့်စား၊ အာလူးကောက် စသည့် ကာယစွမ်းရည်ပြိုင်ပွဲ လေးပွဲ၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း၊ “လှပသာယာပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြပွဲ၊ အခြေခံပညာကျောင်း သိပ္ပံပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးပြခန်းများနှင့် စာအုပ်ဈေးရောင်းပွဲတော်တို့ကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လားရှိုး(ပြန်/ဆက်)


