ဆန်းဒါးလန်းအသင်းသည် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်း ကွင်းလယ်ကစားသမား ရှာကာ ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၃ သန်းဖြင့် စာချုပ်ခေါ်ယူရန် သဘောတူညီမှုရရှိပြီဖြစ် ကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် အဆိုပါကွင်းလယ်ကစား သမားသည် ဆန်းဒါးလန်းအသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုသွားမည်ဖြစ်သည်။ ဆွစ်ဇာလန်ကစားသမားသည် အသင်းကြီး အာဆင်နယ်အသင်းတွင် ခုနစ်နှစ်ကြာ ကစားဖူးသူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၂၉၇ ပွဲ ပါဝင်ကစားထားသူ ဖြစ်သည်။ ထို့နောက် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာပြီး ၂၀၂၄ ရာသီတွင် ဘွန်ဒက်စ် လီဂါအမှတ်ပေးဖလား ဆွတ်ခူးရရှိအောင် ကူညီပေးထားနိုင်သည်။
လေဗာကူဆင်အသင်းသို့ မန်ယူအသင်းနည်းပြဟောင်း အဲရစ်တန်ဟက် ရောက်ရှိလာပြီးနောက် ရှာကာ၏အနာဂတ်မရေမရာဖြစ်လာကာ ဆန်းဒါးလန်းအသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူ ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကွင်းလယ်ကစားသမား ရှာကာသည် ဆန်းဒါးလန်းအသင်းနှင့်အတူ ပရီမီယာလိဂ်သို့ တစ်ကျော့ပြန် ရောက်ရှိလာတော့မည်ဖြစ်သည်။ အပြောင်းအရွှေ့ပြီးမြောက်ခဲ့ပါက ရှာကာသည် ယခုအပြောင်းအရွှေ့ကာလတွင် ဆန်းဒါးလန်းအသင်း ခေါ်ယူသည့် ရှစ်ဦးမြောက် ကစားသမားဖြစ်လာမည်ဖြစ်သည်။
အောင်ဇော်


