မေတ္တာမိုးနှင်း(ပဲခူး)
ကမ္ဘာဦးအစလူသားဟု ဖြစ်တည်လာကတည်းက လူသားတို့သည် တစ်ဦးတစ်ယောက်တည်း ခွဲထွက် နေထိုင်ခဲ့ကြသည်မဟုတ်။ လူသားမျိုးနွယ်စုများထဲမှ တူညီရာအုပ်စုဖွဲ့၍ အတူတကွပေါင်းသင်း နေထိုင်ကြခြင်းဖြစ်သည်။ မိသားစုအဖြစ်သော်လည်းကောင်း၊ ဆွေရင်းအပေါင်းအသင်းအဖြစ် သော်လည်းကောင်း၊ အသင်းအဖွဲ့အနေဖြင့်သော်လည်းကောင်း တစ်ဦးကိုတစ်ဦး အမှီသဟဲပြု၍ နေထိုင်ကြခြင်းဖြစ်သည်။ တစ်ဦးကိုတစ်ဦး အမှီသဟဲ ပြု၍ အုပ်စုဖွဲ့နေထိုင်ကြရာတွင် မတူကွဲပြားသော အုပ်စုများအဖြစ်လည်း တည်ရှိနေကြသည်။ မည်သို့ပင်ရှိစေကာမူ လူသားဟူသောတူညီခြင်း သည်ကား ငြင်းဆန်၍မရသော အမှန်တရားပင် ဖြစ်သည်။ ထိုသို့အုပ်စုဖွဲ့ နေထိုင်ကြသည့်အခါ အရေးအကြီးဆုံးအချက်မှာ တစ်ဦးကိုတစ်ဦး “လေးစားမှု” ရှိခြင်းသည် အလွန်လိုအပ်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားတို့အကြားတွင် အသက်အရွယ်၊ လူမျိုးမရွေး အချင်းချင်းလေးစား မှုရှိခြင်းသည် အကောင်းဆုံးသော ဆုလာဘ်ပင် ဖြစ်ပေသည်။
မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင် “ကြီးသူရိုသေ၊ ရွယ်တူလေးစား၊ ငယ်သူသနား” ဟူ သော လူမှုရေးကျင့်ဝတ်ဖြစ်သည့် မြန်မာမှုဟန်ပန် ရှိနေပေသည်။ လူသားဟူသည်ကား အသက်အရွယ်၊ အခြေအနေ၊ နေရာဒေသအရ ကွဲပြားခြားနားသော ပုံပန်းသွင်ပြင်၊ ပြောဆိုနေထိုင်မှုရှိကြသည်။ အသက် အရွယ်အားဖြင့် မိမိထက် တစ်နေ့တစ်ရက်ကြီးသူများကို ရိုသေကိုင်းရှိုင်းကြရမည်။ ဂါရဝေါစဟူသော မင်္ဂလာတရားတော်နှင့်အညီ နေထိုင်ခြင်းသည်သာလျှင် မြတ်သောနေထိုင်ခြင်း၊ အသက်ရှင်ခြင်း မည်ပေ၏။ ထို့ကြောင့် ရိုသေထိုက်သူကို ရိုသေကြရမည်။ ရွယ်တူလေးစားဟုဆိုရာ၌ မိမိအသက်နှင့် မတိမ်းမယိမ်း ရွယ်တူများကို ရိုင်းပျစွာဆက်ဆံခြင်း၊ ကိုယ်ထိလက်ရောက်ပြုမူခြင်းများ မပြုရပေ။ တစ်ဦး နှင့်တစ်ဦး ကိုယ်ချင်းစာတရားဖြင့် ဆက်ဆံနေထိုင် ကြရမည်။ သူနှင့် ကျွန်တော်၊ သူနှင့် ကျွန်မဟူသော နှိုင်းယှဉ်ချက်တို့ဖြင့် ကိုယ်ချင်းစာတရားကိန်းအောင်း ရန် လေ့ကျင့်ကြရပေမည်။ ငယ်သူသနားဟုဆိုရာ၌ မိမိထက်အသက်အရွယ်ငယ်သော သူများအပေါ် စေတနာ၊ မေတ္တာ၊ အကြင်နာတရားတို့ဖြင့် ဆက်ဆံ ကြရမည်။ ဖေးမနှစ်သိမ့်မှုဖြင့် လမ်းညွှန်ပြသ ကြရမည်။ သို့မှသာ လေးစားမှုရှိခြင်းဟူသော လူသားဆန်သည့် အပြုအမူများဖြင့် လူတစ်ဦးနှင့် တစ်ဦးအကြား အေးချမ်းသော ဆက်ဆံရေးများ ရှိနေပေလိမ့်မည်။
ပတ်ဝန်းကျင်အပေါ်လေးစားမှု
လူသားဆိုသည်မှာ ပတ်ဝန်းကျင်နှင့် ကင်းကွာ၍ မရပေ။ အိမ်နီးချင်းဟူသော မိတ်သင်္ဂဟနှင့် သဟ ဇာတဖြစ်အောင် နေထိုင်ကြရသည်။ အိမ်နီးချင်း ကောင်းလျှင် ဆွေမျိုးထက်ပင် ပေါင်းသင်း၍ ပိုသင့် တော်သည်ဟု ဆိုရိုးရှိသည်။ အိမ်နီးချင်းဟုဆိုရာ၌ မိမိနှင့်ကပ်လျက်ရှိသော အနေအထားကို ဆိုလိုခြင်း မဟုတ်ချေ။ မိမိအိမ်၊ မိမိလမ်း၊ မိမိရပ်ကွက်၊ မိမိမြို့ရွာရှိ ဆက်စပ်လျက်ရှိသော နယ်မြေအပိုင်းအခြား အားလုံးကို ဆိုလိုပေသည်။ ပတ်ဝန်းကျင်ကောင်း ဖြစ်ရန်အတွက် မိမိကိုယ်တိုင်လည်း ကောင်းမွန်စွာ နေထိုင်ရန် လိုအပ်ပါသည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသောလူမှုကိစ္စအဝဝတွင် နှီးနှောဖလှယ် ခြင်း၊ မျှတစွာစဉ်းစားဆုံးဖြတ်ခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး ရင်းနှီးဖော်ရွေသော လေးစားမှုရှိရမည်။ မိမိမိသားစု၊ မိမိဆွေမျိုးဟူသော အတ္တစိတ်သည် ပတ်ဝန်းကျင်အပေါ် လေးစားမှုကိုလျော့ပါးစေသည်။ မိမိခြံဝန်း၊ မိမိအိမ်အတွင်း၌ မိမိ၏ လွတ်လပ်ပိုင်ခွင့်ဟူ၍ သတ်မှတ်ပြီးထင်တိုင်းကြဲနေရမည် မဟုတ်ပေ။ မိမိ၏စိတ်ဆန္ဒထက် မိမိပတ်ဝန်းကျင်အပေါ်တွင် ကိုယ်ချင်းစာတရား ထားရှိရပေမည်။ ပတ်ဝန်းကျင် အပေါ် လေးစားမှုဖြင့် မိမိတို့၏ စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်နိုင်မှသာလျှင် ပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်လာပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
လုပ်ငန်းခွင်အတွင်းလေးစားမှု
လုပ်ငန်းခွင်အတွင်း လေးစားမှုသည် ပို၍ အရေးကြီးပါသည်။ လူသားဟူသည်ကား အသက် မွေးဝမ်းကျောင်းအတွက် မည်သည့်အလုပ်တစ်ခုကိုမဆို လုပ်ကိုင်၍ အသက်ရှင်နေထိုင်ကြရခြင်းဖြစ်သည်။ မိမိဘဝရှင်သန်ရေးအတွက် မိမိလုပ်ကိုင်နေသော လုပ်ငန်းခွင်အပေါ် လေးစားမှုရှိကြရမည်။ လုပ်ငန်းခွင်၏ အချိန်ကိုမလေးစားဘဲ နောက်ကျခြင်း၊ မိမိဖြစ်ချင်သည့် ဆန္ဒတစ်စုံတစ်ရာအတွက် အချိန်ဖြုန်း၍ အလုပ်ခွင်တွင် လစ်ဟင်းခြင်းတို့သည် လုပ်ငန်းခွင်သာမက မိမိကိုယ်တိုင်၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေးများပါ လျော့ပါးသွားခြင်း ဖြစ်သည်။ မိမိအပေါ်လည်း လုပ်ဖော်ကိုင်ဖက်များက လေးစားမှုမရှိတော့ဘဲ လျစ်လျူရှုခြင်း၊ ပြစ်တင် ရှုတ်ချခြင်းတို့ကို ခံစားရပေမည်။ လုပ်ငန်းခွင်တွင် မိမိလုပ်ကိုင်ရမည့်အလုပ်ကို အချိန်၊ အရေအတွက်၊ မိမိ၏စွမ်းရည်တို့ဖြင့်ပေါင်းစပ်၍ လေးစားစွာ လုပ်ကိုင်ဆောင်ရွက်လျှင် မိမိ၏ဘဝတိုးတက် ရုံသာမက စိတ်ပိုင်းဆိုင်ရာချမ်းသာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာခြင်းဟူသော သုခများကို ခံစားကြရ ပေလိမ့်မည်။
လုပ်ငန်းခွင်အတွင်း လေးစားမှုတွင် အလုပ်ရှင်၊ မိမိထက်ရာထူးကြီးသူငယ်သူ၊ အလုပ်သမား အချင်းချင်း အပေါ်တွင်လည်း လေးစားမှုရှိကြရမည်။ မိမိ၏အလုပ်ရှင်သည် မိမိ၏ “ထမင်းရှင်”ပင်ဖြစ်သည်။ ထိုသူအပေါ်လေးစားမှုမရှိလျှင် မိမိနေ့စဉ်စားသုံးနေ သော အစာအာဟာရတို့သည် အဆိပ်ကဲ့သို့ ပူပြင်း နေပေလိမ့်မည်။ မိမိ၏ဝမ်းစာရေးအတွက် အလုပ်ရှင် ၏ ဉာဏ်ရည်ဉာဏ်သွေး၊ ကြိုးစားမှုတို့ကို အခြေခံ ၍ အလုပ်လုပ်ကိုင်ရသောကြောင့် အလုပ်ရှင်ဟူသည် အဘယ်သော အကြောင်းအရာ အခြေအနေ၌ဖြစ်စေ အလုပ်သမားတို့၏ကျေးဇူးရှင်ပင် ဖြစ်ပေသည်။ မိမိ၏ကျေးဇူးရှင်အပေါ် လေးစားခြင်းသည် ဗုဒ္ဓ၏ တရားတော်နှင့်အညီ နေထိုင်ခြင်းဖြစ်သောကြောင့် မြတ်သောအသက်ရှင် နေထိုင်ခြင်းပင်ဖြစ်ပေသည်။
လုပ်ငန်းခွင်အတွင်းတွင် အလုပ်သမားအချင်း ချင်း လေးစားမှုရှိကြရမည်။ မိမိထက်ရာထူးကြီးသော သူ၏ ဆိုဆုံးမစကားကို နာခံကြရမည်။ လုပ်ငန်း ကျွမ်းကျင်ဟူသော အတိုင်းအတာတွင် ကွာခြားမှု ရှိသောကြောင့် မိမိထက်ရာထူးကြီးသူအား မိမိနှင့် ယှဉ်၍ ပြန်လည်ခွန်းတုံ့ပြန်ခြင်းမျိုးသည် လုပ်ငန်းခွင် ပဋိပက္ခကို ဖြစ်ပေါ်စေသည်။ ရာထူးကြီးမားသူများ ကလည်း မိမိထက်လုပ်ငန်းကျွမ်းကျင်မှု နည်းပါး သောသူများအား ဆဲဆိုကြိမ်းမောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှိမ့်ချဆက်ဆံခြင်းများ မပြုသင့်ပေ။ မိမိသည်လည်း အောက်ခြေအဆင့်မှ ကြိုးစားအောင်မြင်လာရသည်ကို သတိပြု၍ ကိုယ်ချင်းစာတရားဖြင့် ဆက်ဆံပြောဆို ကြရပေမည်။ လုပ်ငန်းခွင်ဟူသည်ကား လည်ပတ်ခြင်းဟူသော သဘောရှိ၏။ လည်ပတ်ခြင်းတွင် အထက်အောက်ညီမျှမှုရှိမှသာလျှင် သံသရာစက်ဝိုင်းဟူသော လုပ်ငန်းခွင်သည် အောင်မြင်မှုအပေါင်းနှင့် သာယာပေလိမ့်မည်။ ထို့ကြောင့် လုပ်ငန်းခွင်အတွင်း အချင်းချင်းလေးစား မှုရှိခြင်းသည် ဘဝစက်ဝိုင်းအတွက် အဓိကဗဟိုချက် ကဲ့သို့ အရေးကြီးလှပေသည်။ အလုပ်သမား တစ်ဦးချင်းစီမှသည် လူ့စွမ်းအား အရင်းအမြစ်အားလုံး စွမ်းရည်ထက်မြက်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အတွက် လုပ်ငန်းခွင်အတွင်း လေးစားမှုကို အရေးပေးကြရပေမည်။
လူ့ဘောင်အဖွဲ့အစည်းအပေါ်လေးစားမှု
လူ့ဘောင်အဖွဲ့အစည်းဆိုရာ၌ လူသားအားလုံးနှင့် သက်ဆိုင်ပေသည်။ လူသားဟုဖြစ်တည် ကတည်းက လူသားတို့၏ မွေးရာပါအရည်အသွေးအရ ဗီဇစရိုက်တို့ ကွဲပြားမှုရှိသော်လည်း ဘဝဖြစ်တည်မှုသည် တူညီကြသည်။ လူသားတိုင်းတွင် မွေးရာပါလူ့အခွင့်အရေးများ ရှိပေသည်။ လူသားအချင်းချင်း မလေးစားလျှင် တစ်ပါးသူ၏အခွင့်အရေးကို ဟန့်တားနှောင့်ယှက်ရာရောက်ပေသည်။ တစ်ပါးသူ၏အခွင့်အရေးကို ထိခိုက်စေခြင်းသည် လူသားမဆန်သော အပြုအမူပင်ဖြစ်သည်။ အဖွဲ့အစည်းဟူသည်ကား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအစ ရှိသော အရာများထဲမှ အများဆုံးသော တူညီရာကို အခြေခံ၍ စုစည်းထားသော အစုအပေါင်းပင် ဖြစ်သည်။ မတူကွဲပြားခြင်းလည်း အနည်းငယ်ရှိပေ လိမ့်မည်။ လူ့လောကတွင် အကောင်းနှင့် အဆိုး သည် အမြဲဒွန်တွဲနေပေသည်။ ထိုကောင်းခြင်း၊ ဆိုးခြင်းများအပေါ် ကိုယ်ချင်းစာနားလည်ပါမှ လေးစားခြင်းအဆင့်သို့ ရောက်ရှိပေလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး လေးစားမှသာလျှင် အဖွဲ့အစည်း ဟူသည်က စည်းလုံးညီညွတ်၍ ရေရှည်တည်မြဲပေလိမ့်မည်။
အဖွဲ့အစည်းဟူသည်ကား ခံယူချက်၊ ယုံကြည်ချက်၊ အရည်အသွေးဟူသော အချက်များတူညီမှု အပေါ်မူတည်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအချက်များအပေါ် မိမိ၏စိတ်ဆန္ဒတစ်စုံတစ်ရာဖြင့် ဖောက်လွှဲဖောက်ပြန် မိမိသာအမှန်ဟု တစ်ယူသန်ပြု၍မရချေ။ အဖွဲ့အစည်းအတွင်းတွင်ရှိသော အဖွဲ့ဝင်အားလုံး၏ စိတ်ဆန္ဒကို အတတ်နိုင်ဆုံး ညှိယူကြရသည်။ ထိုသို့ ညှိယူပြီးမှသာလျှင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာကို အခိုင်အမာဆုံးဖြတ် ကြရသည်။ အဖွဲ့ဝင်အားလုံးလက်ခံနိုင်သော ဆုံးဖြတ်ချက်လည်း ဖြစ်ရပေမည်။ ဤသို့စည်းလုံးညီညွတ်၍ အကောင်းဆုံးသော ဆောင်ရွက်နိုင်ခြင်းသည် တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိခြင်းပင်ဖြစ်သည်။ လေးစားမှုရှိခြင်းသည် လူသားအများစု စိတ်ချမ်းမြေ့ စေသောအချက်ပင်ဖြစ်သည်ကို လူတိုင်းနားလည် ကျင့်သုံးကြရပေမည်။
မိမိကိုယ်ကိုလေးစားမှုရှိခြင်း
တစ်ပါးသူအပေါ် လေးစားမှုရှိခြင်းပြည့်ဝရန်အတွက် မိမိကိုယ်ကိုဦးစွာ လေးစားကြရမည်။ အဘယ်သို့ လေးစားမှုကိုကျင့်ကြံမည်နည်း။ လူသားဟု ရပ်တည်ကတည်းက လူသားတိုင်း လူသား တစ်ယောက်၏ တာဝန်ကို ကျေပွန်ကြရမည်။ လူ့ဘဝသည် တစ်ခဏတာဟုဆိုသော်လည်း လူသား၏ တာဝန်သည်ကား တစ်နေ့တာအတွက်၌ပင် များပြားမှုရှိနေပါသည်။ “အချိန်နှင့်အမျှ ပြောင်းလဲနေသော လောကကြီး”ဟု အသိအမှတ်ပြုလျှင် မိမိ၏ ပိုင်ဆိုင်သောအချိန်များကို လေးစားရမည်။ အချိန်တိုင်းကို အကျိုးရှိစွာ အသုံးချကြရမည်။ မိမိပိုင်ဆိုင် သော စွမ်းဆောင်ရည်များကို ဖွင့်လှစ်ပြသကြရမည်။ သို့မှသာ မိမိကိုယ်ကိုမိမိ ယုံကြည်မှု ပိုမြင့်မားလာပေ လိမ့်မည်။ မိမိပတ်ဝန်းကျင်သည်လည်း မိမိ၏စွမ်းဆောင်ရည်ကြောင့် အရောင်လက်လာလိမ့်မည်။ ဤအချက်သည် မိမိကိုယ်ကို ယုံကြည်လေးစားခြင်း ရလဒ်ပင်ဖြစ်သည်။ မိမိ၏ “ကိုယ်နှုတ်နှလုံး” သုံးပါး လုံးအပေါ်တွင် လေးစားမှုရှိရမည်။ ကာယကံ၊ ဝစီကံ၊ မနောကံဟူသော ကံသုံးပါးကိုစောင့်ထိန်းခြင်း ပင်ဖြစ်သည်။ ကံသုံးပါးကို စောင့်ထိန်းနိုင်ကတည်းက ကိုယ်ချင်းစာတရား ပြည့်ဝသူဖြစ်မည်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို လေးစားမှုရှိသလို တစ်ပါးသူအပေါ်လည်း လေးစားမှု ရှိပေလိမ့်မည်။ ငြိမ်းချမ်းသော လောကလူ့ဘောင်ဖြစ်ရန်အတွက် မိမိကိုယ်ကိုလေးစားမှုရှိခြင်းသည် အရေးအကြီးဆုံးပင် ဖြစ်ပါသည်။
လေးစားမှုကိုတန်ဖိုးထားပါ
လူသားတိုင်းသည် ကျန်းမာခြင်း၊ စိတ်ချမ်းသာ ခြင်းဟူသော အကျိုးတရားများနှင့် ပြည့်စုံလိုကြသည်။ စိတ်ချမ်းသာ၍ ကျန်းမာမှသာလျှင် လောကီ၊ လောကုတ္တရာနှစ်ဖြာသောအကျိုးကို ဆောင်ရွက်နိုင် ကြမည်ဖြစ်သည်။ ထိုသို့စိတ်ချမ်းသာ ကိုယ်ကျန်းမာရန် ငြိမ်းချမ်းသောလူ့ဘောင်အဖွဲ့အစည်း လိုအပ် ပါသည်။ ငြိမ်းချမ်းသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်ရန်အတွက် လူသားတိုင်းသည် အရာရာတိုင်းအပေါ်တွင် “လေးစားမှု” ရှိကြရပေမည်။ ထို့ကြောင့် လူသားတိုင်းသည် သက်ရှိ၊ သက်မဲ့ဟူသော အရာအားလုံးအပေါ်တွင် လေးစားမှုကိုတန်ဖိုးထား၍ ပြောဆိုပြုမူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။


