၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ နိုဝင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ စာမေးပွဲ၌ ဘာသာရပ်အလိုက်ဖြေဆိုမည့် စာရင်းသွင်း ဦးရေအရ ဘာသာတွဲ ခုနှစ်မျိုးအပေါ်တွင် ကျောင်းသား ကျောင်းသူများ ရွေးချယ်မှုအနည်း အများကို တွေ့ရသည်။

ဘာသာတွဲတိုင်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာတို့ပါဝင်ပြီး စာရင်းသွင်းဦးရေအရ ဝိပ္ပံဘာသာတွဲနှင့် သိပ္ပံဘာသာတွဲတွင် အများဆုံး ဖြစ်နေပြီး သိပ္ပံနှင့်တွဲသည့် ပထဝီဝင်နှင့် သမိုင်းဘာသာတွဲတွင် ဖြေဆိုသူ အနည်းငယ်ရှိသည်။ ပထဝီ၊ သမိုင်းပါသည့် စိတ်ကြိုက်မြန်မာစာ ဘာသာတွဲတွင် ၁၀ ဦးနှင့် သမိုင်း၊ ဘောဂဗေဒပါသည့် စိတ်ကြိုက် မြန်မာစာဘာသာ တွဲတွင် တစ်ဦးသာ စာရင်းပေးထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ၏ ရွေးချယ်မှုအရ သိပ္ပံဘာသာများနှင့် ဘောဂဗေဒဘာသာကို အများဆုံး ရွေးချယ်ကြသည်ကိုတွေ့ရသည်။ ယခင်က သမိုင်းဘာသာတွဲ ရွေးချယ်မှုမှာ အနည်းဆုံးဖြစ်ခဲ့သော်လည်း ယခုစိတ်ကြိုက်မြန်မာစာ ဘာသာတွဲ ရွေးချယ် မှုမှာ အနည်းဆုံးဖြစ်နေသည်ကို တွေ့ရသည်။ ယခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ တစ်သန်းနီးပါး ရှိရာ၌ စိတ်ကြိုက်မြန်မာစာဘာသာတွဲ၌ တစ်ဦးတည်းဖြေဆိုမည်မှာ အံ့သြ စရာဖြစ်သည်။

ကျောင်းသား ကျောင်းသူများ၏ဘာသာရပ်ရွေးချယ်မှုကို စေ့ငုကြည့် မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရလမ်းရှိမည့် အသက် မွေးဝမ်းကျောင်းပညာနှင့်ဆိုင်သော သိပ္ပံနှင့်ဘောဂဘာသာတွဲဆိုင်ရာ များအား ဦးစားပေးခဲ့ကြသည်ကိုတွေ့ရသည်။ စိတ်ကြိုက်မြန်မာစာဆို သည်မှာ မြန်မာစာပေနှင့်ပတ်သက်၍ အထူးပြု ထားသောဘာသာရပ် ဖြစ်သည်။ မြန်မာစာပေတွင် နှံ့စပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပါက မြန်မာတို့၏ လူမှုဘဝနယ်ပယ်တွင်ဖြစ်စေ၊ အလုပ်အကိုင်နယ်ပယ် တွင်ဖြစ်စေ မည်မျှအကျိုးရှိ ထိရောက်မှုဖြစ်သည်ကို သတိမမူမိ၍ သော်လည်းကောင်း၊ အလုပ်အကိုင်ရနိုင်ရေး ခက်ခဲမည်ကိုစိုးရိမ်သဖြင့် မရွေးချယ်ခြင်းသော်လည်း ကောင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လောကတွင် အသိနှင့်အတတ်ဟူ၍ရှိရာ ဝိဇ္ဇာသည် အသိပညာရှင်များ ဖြစ်နိုင်ပြီး သိပ္ပံသည် အတတ်ပညာရှင်များ ဖြစ်နိုင်သည်။ အသိပညာသည်လောက၏သက်ရှိ၊ သက်မဲ့တို့အကြောင်း၊ ဘဝအကြောင်း အဆိုး အကောင်းတို့ကို လေ့လာစူးစမ်း သင်ယူခြင်းဖြစ်သည်။ လောကအကျိုး၊ လူ့အကျိုးကို လမ်းမှန်ရှာဖွေခြင်းဖြစ်သည်။ အတတ်ပညာသည် သက်ရှိ သက်မဲ့တို့ ဘဝကောင်းရေး၊ တည်တံ့ရေး၊ လှပရေး၊ ပြည့်စုံရေး၊ ပျော်ရွှင် ရေးကို တည်ဆောက်ခြင်းဖြစ်သည်။ အသိပညာသည် စိတ်ပိုင်းဆိုင်ရာ ပြုပြင်ဖန်တီးခြင်းဖြစ်ပြီး အတတ်ပညာသည် ရုပ်ပိုင်းဆိုင်ရာပြုပြင်ဖန်တီး ခြင်းဖြစ်သည်။

လောကတွင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မျှမျှတတတည်ထွန်း ကားမှ လူ့ဘောင်လောက သာယာဖွံ့ဖြိုးမည်မှန်သော်လည်း စိတ်ပိုင်း ဆိုင်ရာဖွံ့ဖြိုးရေး၌ အသိဉာဏ်အမြော်အမြင် ဆင်ခြင်နိုင်မှုဉာဏ်ပညာ ၊ ပြည့်စုံအောင် ဆည်းပူးအားထုတ်နိုင်မှ သာယာတည်ထွန်းသည့် လောကကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ဝိဇ္ဇာဖြစ်စေ၊ သိပ္ပံဖြစ်စေ မည်သည့် ဘာသာရပ်ကိုယူယူ ဘာသာတွင် ကျွမ်းကျင်နှံ့စပ်သူဖြစ်ရန်သာ လိုရင်းဖြစ် သည်။ ပညာတစ်ရပ်၌ နှံ့စပ်ကျွမ်းကျင်သော်လည်း စိတ်ဓာတ်မကောင်းပါက ခရီးရောက်မည်မဟုတ်ပေ။

စိတ်ဓာတ်ကောင်းဖြင့် မည်သည့်ဘာသာမဆို ဆည်းပူးယူနိုင်လျှင် အလုပ်အကိုင်နှင့် ဝင်ငွေတို့မှာ ထက်ကြပ်မကွာ လိုက်ပါလာမည် ဖြစ်သည်။ ဘာသာရပ်ရွေးချယ်မှုတွင် အလုပ်အကိုင်ရရေးထက် မိမိကိုယ်တိုင်က ဘာသာရပ်နယ်ပယ်တွင် ကျွမ်းကျင်နှံ့စပ်ပြီး စိတ်ဓာတ်ကောင်းအောင် ကြိုးပမ်းအားထုတ်ခြင်းဖြင့် မိမိဘဝ၊ မိမိနယ်ပယ်၊ မိမိနိုင်ငံအတွက် အကျိုးများမည်မှာ သေချာပါသည်။

 

kam