လီဗာပူးအသင်းဟာ အောက်တိုဘာ ၁၉ ရက်ညပိုင်းက မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် (၈)မှာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် လေးပွဲဆက်ရှုံးပွဲကြုံတွေ့ခဲ့ရပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မန်ယူအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ မန်ယူအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲကစား ချိန် ၂ မိနစ်မှာ အမ်ဘူမိုက တစ်ဂိုး၊ ဒုတိယပိုင်း ပွဲကစားချိန် ၈၄ မိနစ်မှာ မက်ဂွိုင်းယားကတစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဒုတိယပိုင်းပွဲကစားချိန် ၇၈ မိနစ်မှာ ဂတ်ပိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းဟာ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ် အမှတ်ပေးဇယား အဆင့် (၉) နေရာကို တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်တဲ့အပြင် လီဗာပူးအသင်းရဲ့အိမ်ကွင်း အန်ဖီးလ်မှာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးနိုင်ပွဲရရှိခဲ့ပြီလည်းဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နည်းပြ ဘရန်ဒန်ရော်ဂျာ လက်ထက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် လေးပွဲဆက် ရှုံးပွဲကြုံခဲ့ရတာဖြစ်ပြီး မန်ယူအသင်းကတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အန်ဖီးလ်မှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယားအဆင့် (၂)နေရာကို တက်လှမ်းနိုင်မယ့်အခွင့်အရေးနဲ့ လွဲခဲ့ရပြီး အဆင့်(၄)နေရာမှာပဲ ရပ်တည်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ပရီမီယာလိဂ် ချန်ပီယံလီဗာပူးအသင်းဟာ ယခုဘောလုံးရာသီမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် ပေါင်သန်း ၄၅၀ နီးပါးသုံးစွဲခဲ့ပေမယ့် လေးပွဲဆက်ရှုံးနိမ့်မှုနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။
ငွေကြယ်


