လန်ဒန် ဒီဇင်ဘာ ၁၇
ပြီးခဲ့သည့် မေလက လီဗာပူးမြို့တွင် ကားတိုက်မှုကျူးလွန်သူ ပေါလ်ဒွိုင်းလ်ကို ပြစ်မှုပေါင်း ၃၁ ခု ဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် ထောင်ဒဏ် ၂၁ နှစ်နှင့် ခြောက်လ ချမှတ်လိုက်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။
ပေါလ်ဒွိုင်းလ်သည် မေလ ၂၆ ရက်က လီဗာပူးမြို့လယ်တွင် လီဗာပူးအသင်း ပရီမီယာလိဂ်ဖလား ဆွတ်ခူးရရှိမှုအတွက် အောင်ပွဲခံနေကြသည့် လူအုပ်အတွင်းသို့ ကားဖြင့် မောင်းနှင်ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
စွဲချက်များတွင် အန္တရာယ်ရှိစွာ မောင်းနှင်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ဆောင်မှု၊ ပြင်းထန်သော ကိုယ်ခန္ဓာနာကျင်မှုဖြစ်စေရန် ရည်ရွယ်ပြုလုပ်မှု ကိုးမှု၊ ပြင်းထန်သော နာကျင်မှုဖြစ်စေရန် ကြံစည်အားထုတ်မှု ၁၇ မှုနှင့် ထိခိုက်ဒဏ်ရာရရှိရန် ရည်ရွယ်ပြုလုပ်မှု သုံးမှုတို့ ပါဝင်ကြောင်း သိရသည်။ စွဲချက်အားလုံးအတွက် ပြစ်မှုထင်ရှားကြောင်း လီဗာပူးတရားရုံးက ဒီဇင်ဘာ ၁၆ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၄ နှစ်အရွယ် ပေါလ်ဒွိုင်းလ်သည် ယခင်က တော်ဝင်ရေကြောင်းတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အရက်ဆိုင်တစ်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားစဉ် လူတစ်ဦး၏ နားရွက်ကို ကိုက်ဖြတ်မှုကြောင့် ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရဖူးသည်။ နောက်ပိုင်း ၁၉၉၄ ခုနှစ် နိုဝင်ဘာလတွင် ပြင်းထန်သော ကိုယ်ခန္ဓာနာကျင်မှုဖြင့် ထပ်မံပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၁၂ လ ချမှတ်ခြင်းခံခဲ့ရကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ဆင်ဟွာ


