လီဗာပူးအသင်းတိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့က နှစ်စဉ်ပေးအပ်ချီးမြှင့်တဲ့ ပီအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အီဂျစ်ကြယ်ပွင့် မိုဟာမက်ဆာလာဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ပရီမီယာလိဂ်သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပြီး သွင်းဂိုး ၂၉ ဂိုး၊ ဂိုးဖန်တီးမှု ရှစ်ကြိမ်ဖန်တီးပေးနိုင်ခဲ့တာကြောင့် ၂၀၂၅ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်တဲ့ ပီအက်ဖ်အေတစ်နှစ်တာ အကောင်းဆုံးကစားသမား ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

မိုဟာမက်ဆာလာဟာ ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးဆုရရှိရေးအတွက် မက်အဲလစ်စတာ၊ ဘရူနိုဖာနန်ဒက်စ်၊ အလက်ဇန္ဒား အီဆက်၊ ကိုးလ်ပယ်မား၊ ဒီကလန်ရိုက်တို့ကို ကျော်ဖြတ်ကာရရှိခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက်ဆာလာဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ပရီမီယာလိဂ် တစ်ရာသီအကောင်းဆုံး   ကစားသမားဆုနဲ့  ဘောလုံးအားကစားကလောင်ရှင်များအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုတို့ကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်