ရန်ကုန် ၁၇ ဖေဖော်ဝါရီ
ရန်ကုန်မြို့တွင် ရိုက်ကူးမည့် Line Walker – 2 (Operation Midnight Shadow) ဇာတ်ဝင်ခန်းများနှင့် ပတ်သက်၍ ရိုက်ကူးမည့်နေ့ရက်အလိုက် လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်မည့် အစီအစဉ်များကို ပြည်သူလူထုထံ ဖေဖော်ဝါရီ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ယင်းဇာတ်ကား ရိုက်ကူးမည့်နေ့ရက်များတွင် ခေတ္တလမ်းပိတ်/လမ်းလွှဲ ပြုလုပ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်း၍ အဆင်ပြေအောင် စီစဉ်ထားကြောင်း သိရသည်။
ခေတ္တလမ်းလွှဲ/လမ်းပိတ် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေမှာ ကြားတောရလမ်း၌ ဖေဖော်ဝါရီ ၁၈ ရက်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ ရေတာရှည်လမ်းအထိ နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ စုစုပေါင်း ခုနစ်နာရီခန့်သာ ခေတ္တပိတ်ပါမည်။
မဟာဗန္ဓုလပန်းခြံလမ်း၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လည်းကောင်း အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ ခေတ္တပိတ်ထားပါမည်။
ဆူးလေဘုရားလမ်း၌ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်အထိ အနော်ရထာလမ်း လူကူးခုံးကျော်တံတားမှ ဆူးလေဘုရား လူကူးမျဉ်းကျား (မီးသတ်ဘက်ခြမ်း)ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ခေတ္တပိတ်ထားပါမည်။
ထိုသို့ ပိတ်ထားရာတွင် ဆူးလေဘုရားလမ်းမကြီး တစ်ခုလုံးကို ပိတ်ထားခြင်းမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့တည်ရှိရာ ဘက်ခြမ်းရှိ ယာဉ်ကြောတစ်ဖက်ကိုသာ ခေတ္တပိတ်ထားခြင်းဖြစ်ပြီး အခြားယာဉ်ကြောတစ်ဖက်ကို ယာဉ်များအသုံးပြုရန် ဖွင့်လှစ်ပေးထားမည် ဖြစ်သည်။
ခေတ္တလမ်းပိတ်/လမ်းလွှဲပြုသည့် ယာဉ်များအနေဖြင့် အနော်ရထာ လမ်းပေါ်မှတစ်ဆင့် ရွှေဘုံသာလမ်းသို့ ဝင်ရောက်ကာ လမ်းလွှဲစနစ်ဖြင့် မောင်းနှင်သွားလာနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ Line Walker – 2 (Operation Midnight Shadow) ဇာတ်ဝင်ခန်းများ ရိုက်ကူးချိန်တွင် ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီးများကို အချိန်ကြာ ပိတ်ထားခြင်းမဟုတ်ဘဲ ဇာတ်ကားရိုက်ကူးသည့် လမ်းမကြီးတစ်ခုသာ ရိုက်ကူးချိန်အတွင်း ခေတ္တလမ်းပိတ်/လမ်းလွှဲ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် အများပြည်သူ၊ ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ကြစေရန် ရန်ကုန်မြို့တော် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


