ရန်ကုန် ၂၅ ဖေဖော်ဝါရီ
မြန်မာနိုင်ငံတွင် ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးလျှက်ရှိသော Line Walker-2 ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ဖေဖော်ဝါရီ ၂၅ ရက်နံနက် ၆ နာရီခွဲတွင် ရန်ကုန်မြို့လယ် ဆူးလေဘုရားမြောက်ဘက်မုခ်နှင့် ဆူးလေလူကူးခုံးကျော်တံတားကြား မီးသတ်စခန်းရှေ့ ဆူးလေလမ်းမကြီးပေါ်တွင် (၄)ရက်မြောက်နေ့အဖြစ် ဆက်လက်ရိုက်ကူးလျက်ရှိရာ သေနတ်ပစ်ခတ်သော အက်ရှင်ခန်းများ ပါဝင်သောကြောင့် ရန်ကုန်မြို့နေ ပြည်သူတို့ အထူးစိတ်ဝင်တစားကြည့်ရှုအားပေးခဲ့သည်။
ဆူးလေဘုရားလမ်းပေါ်တွင် ပိတ်ဆို့ဖမ်းဆီးသော ရဲတပ်ဖွဲ့နှင့် ဒုစရိုက်ဂိုဏ်းအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုကို နံက်ပိုင်းမှစ၍ အကြိမ်ကြိမ်ပြန်လည်ရိုက်ကူးလျက်ရှိရာ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှုသော မြို့ပြပြည်သူများနှင့် ဆူးလေတစ်ဖက်လမ်းတွင် သွားလာနေသောယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရန် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိသည်။
ဆူးလေဘုရားမြောက်ဘက်မုတ်အတွင်းအပြင်နှင့် အနောက်ဘက်မုခ်ရှိ လူကူးတံတားပေါ်မှ ပြည်သူအများ အားပေးကြသည်။
" ကျွန်မတို့ငယ်ငယ်က ကြိုက်နှစ်သက်တဲ့ တရုတ်မင်းသားတစ်ယောက်လည်း ဒီဇာတ်ကားမှာပါတယ်။ ကျွန်မတို့သိတဲ့ တရုတ်သရုပ်ဆောင်(၄)ဦး ပါတယ်။ကျွန်မတို့သိတဲ့ တရုတ်မင်းသားက အခုလိုပစ်ခတ်တဲ့ ဇာတ်ဝင်ခန်းရိုက်တာနည်းတယ်၊ သူငယ် ငယ်ဘဝ သရုပ်ဆောင်ကတည်းက သဘောကျတာ။ ပြီးတော့မြန်မာပြည်မှာ လာရိုက်တယ်ဆိုတော့ ဝမ်းလည်းသာတယ်။ ဈေးမထွက်ဘဲ သူငယ်ချင်းတွေနဲ့ လာအားပေးတာပါ” ဟု သိမ်ကြီးဈေးမှ အထည်ဆိုင်ပိုင်ရှင် မဇွန်လီက ပြောသည်။
နေပူရှိန် တရိပ်ရိပ်ပြင်းလာသော်လည်း ဒါရိုက်တာမှာ ရဲတပ်ဖွဲ့မှ ဒုစရိုက်သမားများကို ပစ်ခတ်ဖမ်းဆီးသော ရိုက်ကွက်ကို အကြိမ်ကြိမ်ပြန်လည်ရိုက်ကူးလျက်ရှိရာ ကြည့်ရှုနေသော ပရိသတ်တို့မှာ နေပူရှိန်ကို ဂရုမမူနိုင်ဘဲ ဇာတ်ဝင်ခန်းများကို စိတ်ဝင်တစား ကြည့်ရှုအားပေးကြသည်။
တာမွေမြို့နယ်မှ လာရောက်လေ့လာသူ ဦးနိုင်ဦးကလည်း “ မနေ့ကသတင်းစာ ဖတ်ရင်းနဲ့ ၂၆ ရက်နေ့ နောက်ဆုံးဆိုတော့ ဒီနေ့လာကြည့်တာပါ။ အခုလိုတစ်ကြိမ်မှ မတွေ့ဖူးတာရယ်၊ လူကုန်ကူးမှုကို အခြေခံပြီး ရိုက်ကူးထားတာကြောင့် ပြသခဲ့ရင်လည်း အားပေးကြည့်ရှုမှာပါ။ ပြည်တွင်းရုပ်ရှင်ရိုက်ကူးတာပဲမြင်ဖူးတာလေ။ အခုလိုပြည်ပနိုင်ငံက ရန်ကုန်မြို့လယ်မှာ အခုလိုတခမ်းတနားရိုက်ကူးတာမြင်ရတော့ အံ့တြတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံအတွက်လည်း အခုလိုရိုက် ကူးမှုကိုဂုဏ်လည်းယူတယ်။ နိုင်ငံတကာဇာတ်ကားတွေကိုမြန်မာနိုင်ငံမှာ ထပ်ပြီးလာရောက်ရိုက်ကူးစေချင်တယ် ”ဟု ပြောသည်။
တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်မှ လာရောက်လေ့လာသော မရွမ်းကျင်ကလည်း “ဒီနေ့ပဲရန်ကုန်ကို ရောက်တာ၊ ချက်ခြင်းလာကြည့်တာပါ။ ဟောင်ကောင်ကရုပ်ရှင် အဖွဲ့တွေမြန်မာပြည်ကို ရုပ်ရှင်လာရိုက်မယ်ဆိုတာ ရန်ကုန်မြို့က သူငယ်ချင်းတွေ ဖုန်းဆက်ခေါ်တာနဲ့ လာကြည့်တာပါ။ ကျွန်မ တို့သိတဲ့ မင်းသားလည်းပါတယ်၊ ပြီးတော့ မြန်မာပြည်မှာ လာရိုက်တာဖြစ်လို့ ရန်ကုန်ကို ဆင်းပြီးလာ အားပေးတာပါ” ဟု ပြောသည်။
ရန်ကုန်မြို့လယ် ဆူးလေဘုရားမြောက်ဘက်မုခ်နှင့် အနောက်ဘက်မုခ်ကို ရိုက်ကွင်းအတွက် အနှောက်အယှက်မဖြစ်စေရန် ယာယီပိတ်ထားပြီး လူကူးတံတားပေါ်နှင့် မြို့တော်ခန်းမအနီး ကားမှတ်တိုင်နှင့် ဆူးလေဘုရားမြောက်ဘက်မုခ်နှင့် အရှေ့ဘက်မုခ်ကြားလူသွားလမ်းပေါ်မှ ပြည်သူတို့ကတစ်ခဲနက်ကြည့်ရှုအားပေးခဲ့သည်။
ရန်ကုန်မြို့တွင် Line Walker-2 (Operation Midnight Shadow) ရုပ်ရှင်ကို ဇာတ်ဝင်ခန်းများ ရိုက်ကူးလျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလ ပန်းခြံလမ်း (အလယ်လမ်း)တွင်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၃ ရက် စနေနေ့တွင် ဆူးလေဘုရားလမ်းမကြီးတွင်လည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်လည်း ဟောင်ကောင်အက်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းများဖြစ်သော ရဟတ်ယာဉ် ပျံသန်းသည့် ဇာတ်ဝင်ခန်းနှင့် ဒုစရိုက်ဂိုဏ်းနှင့် ရဲတပ်ဖွဲ့ပစ်ခတ်သော ဇာတ်ဝင်ခန်း၊ ဒုစရိုက်သမားတို့၏ ကားကိုတိုက်၍ ပိတ်ဆို့ဖမ်းဆီးပစ်ခတ်သော ဇာတ်ဝင်ခန်းတို့ကို ရိုက်ကူးခဲ့ရာ ရုံးပိတ်ရက်ဖြစ်၍ လေ့လာကြည့်ရှုသော ပြည်သူတို့ အထူးများပြားခဲ့သည်။ ယနေ့ရုံးဖွင့်ရက် ဖေ ဖာ်ဝါရီ ၂၅ ရက်နေ့တွင် မီးသတ်စခန်းရှေ့ ဆူးလေဘုရားလမ်းမကြီးပေါ်တွင် ရိုက်ကူးသော ပစ်ခတ်ဖမ်းဆီးသည့် ဇာတ်ဝင်ခန်းကိုလည်း ရပ်နီးရပ်ဝေးမှပြည်သူများ အထူးအားပေးကြည့်ရှုခဲ့ကြသည်။
“အခြားနိုင်ငံက လာရိုက်တယ်ဆိုတော့ အံ့သြမိသလို ရန်ကုန်မြို့အတွက်လည်း ဂုဏ်ယူတယ်။မြန်မာကို ကမ္ဘာကလည်း သိသွားတာပေါ့။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ ပူးပေါင်းပြီး လူကုန်ကူးမှုတွေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်မှုတွေ၊ ယာဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းတာတွေရိုက်ကူးတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ပြည်သူတွေ ကြည့်လိုကြပါတယ်။ အဲဒီလိုများများလုပ်ဆောင်နိုင်ရန် မြန်မာ့ရုပ်ရှင် ရိုက်ကူးမှုတွေလည်း ပိုပြီးတိုးတက် မြင့်မားလာမယ်လို့မြင်တယ်။ မနေ့ကလည်း အချိန်လုပြီး လာကြည်သေးတယ်။ ဒီနေ့ဇာတ်ဝင်ခန်းက လူ ၄ ယောက် ၅ ယောက်နောက်ကို ရဲတပ်ဖွဲ့က လိုက်တဲ့ပုံနဲ့ သေနတ်ပစ်ခန်းတွေ ရိုက်တာမြင်ရတယ်။ အကြိမ်ကြိမ်ပြန်ရိုက်တာ တွေ့ရတယ်။ ကိုယ့်တိုင်းပြည်မှာ ရိုက်တဲ့အတွက် ဒီရုပ်ရှင်ကို ကြည့်ဖြစ်အောင်ကြည့်မှာပါ။ လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမြဲအားပေးတယ်။ အခုလိုရိုက်ကူးဖြစ်အောင် အကြံပြုကူညီသူတွေနဲ့ နိုင်ငံတော်ကိုလည်းပြည်သူ တစ်ယောက်အနေနဲ့ ကျေးဇူးအထူးတင်တယ်။ ပြီးတော့နိုင်ငံအတွက်လည်း ဂုဏ်ယူတယ်” ဟု ဘိုးကလေးဈေးမှ လာရောက်လေ့လာကြည့်ရှုသူ ဦးမောင်မောင်စိုးက ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၆ ရက်နေ့ထိ ၅ ရက်တိုင် ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမကြီးနှင့် ဗန္ဓုလပန်းခြံလမ်းတို့တွင် Line Walker-2 (Operation Midnight Shadow ) ဟောင်ကောင်အက်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတို့ကို ရိုက်ကားလျက်ရှိပြီး အဆိုပါ ရုပ်ရှင်အတွက် Yangon Synthesis Productions ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


