လွိုင်လင် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ၌ ရှမ်းသက္ကရာဇ် ၂၁၁၉ မှ ၂၁၂၀ သို့ ကူးပြောင်းသည့် ရှမ်းနှစ်သစ်ကူး ပွဲတော် ကောက်သစ်စားပွဲကို ယမန်နေ့ ည ၇ နာရီက ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်နှင့် တာဝန်ရှိသူများ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဆရာတော်က ဩဝါဒ စကားမိန့်ကြားခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ပွဲတော်ကျင်းပရေးနာယက တို့က အမှာစကားပြောကြားပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက ပေးပို့သည့်နှစ်သစ်ကူး သဝဏ်လွှာကို ရှမ်းတိုင်းရင်းသား တစ်ဦးက ဖတ်ကြားသည်။
ထို့နောက် ရပ်ကွက်/ကျေးရွာများမှ ရှမ်းတိုင်းရင်းသားအကအဖွဲ့ များက တေးသီချင်းသီဆိုတီးမှုတ်၍ဖျော်ဖြေကြပြီး ည ၁၂ နာရီတွင် မီးရှူးမီးပန်းပစ်လွှတ်၍ နှစ်သစ်ကိုကြိုဆိုခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး


