လွိုင်လင်နှင့် လမ်းမတော်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၉

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၆ ရက် ည ၈ နာရီတွင် လွိုင်လင်မြို့နယ် ပန်ဝိုးကျေးရွာအုပ်စု ဟိုတင့်ကျေးရွာ အနီး လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် နောင်မင်းအေး မောင်းနှင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့ လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၉ နာရီခွဲတွင် တပ်ကုန်းမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု ကင်းသာ ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သန်းနိုင် နှင့် ဇနီး မမြမြသီ တို့အား TOYOTA KLUGER မော်တော်ယာဉ်နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ထို့အတူ ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် ကမ်းနားလမ်းနှင့် လမ်းမတော်(၈)လမ်းထောင့်တွင် မသင်္ကာဖွယ် တွေ့ရှိသူ မကြည်ကြည်နိုင်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၃ နာရီ မိနစ် ၂၀ တွင် လမ်းမတော် မြို့နယ် (၄)ရပ်ကွက် ဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား လမ်းမတော် (၉)လမ်းရှိ ၎င်းငှားရမ်းနေထိုင်သည့် အဆောင်ကို ဆက်လက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၅၉ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မကြည်ကြည်နိုင်(၄၁)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်