ရန်ကုန် ၁၄ ဖေဖေါ်ဝါရီ
လှိုင်သာယာမြို့နယ်အတွင်း CCTV Camera (၁၂)လုံး တပ်ဆင်ထားရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစီအစဉ်ဖြင့် အရေးကြီးသည့် နေရာများတွင် CCTV Camera များ ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။
ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်(ခ) ဦးဦးဝင်းမောင်က “လှိုင်သာယာမြို့နယ်အတွင်း တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုနိုင်စေရန်အတွက် လမ်းဆုံလမ်းခွများနှင့် ဒုစရိုက်မှု ကျုးလွန်တတ်သည့် နေရာများတွင် CCTV ကင်မရာများ တပ်ဆင်ကာ စောင့်ကြည့်ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရမှ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ ” မေးမြန်းမှု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက “ လှိုင်သာယာမြို့နယ်မှာ ၂၆ ဒသမ ဝ၁ စတုရန်းမိုင် ကျယ်ဝန်းပြီး ရပ်ကွက်ပေါင်း (၂၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၉)အုပ်စု၊ ကျေးရွာပေါင်း (၁၈)ရွာ၊ အိမ်ခြေ (၁၃၄၀၃၆)၊ အိမ်ထောင်စု (၁၄၉၇၁၇)၊ နေထိုင်သူလူဦးရေမှာ (၇၄၉၇၄၂)ဦး နေထိုင်ပြီး လမ်းမကြီး (၃)လမ်း၊ လမ်းသွယ် (၁၂)ခုဖြင့် ဖွဲ့စည်း ထားပါကြောင်း၊ လှိုင်သာယာမြို့နယ်သည် အရှေ့ဘက်တွင် အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်၊ အနောက်ဘက်တွင် ထန်းတပင်မြို့နယ်၊ တောင်ဘက်တွင် ကြည့်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ်နှင့် မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ်တို့ ထိစပ်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လှိုင်သာယာမြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအား အလေးထား ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ထောက်ပံ့မှုဖြင့် ၂-၈-၂၀၁၇ ရက်မှစ၍ လှိုင်သာယာမြို့နယ်အတွင်း (၁၂၇)လမ်းဆုံ၊ အမှတ် (၁၉) ရပ်ကွက်၊ တောင်ငူလမ်းဆုံနှင့် ကျန်စစ်သား လမ်းဆုံ CCTV Camera (၄)လုံး၊ ရန်ကုန်- ညောင်တုန်းလမ်းနှင့် ဦးပုညလမ်းဆုံ၊ တံတားဖြူမှတ်တိုင်၊ အမှတ် (၇)ရပ်ကွက် CCTV Camera (၂)လုံး၊ ရန်ကုန် - ပုသိမ်လမ်းနှင့် ကျန်စစ်သားလမ်းဆုံ၊ ဘုရားလမ်းမှတ်တိုင်၊ အမှတ် (၆)ရပ်ကွက် CCTV Camera (၂)လုံး၊ (၃)ထိပ်မှတ်တိုင်၊ ရန်ကုန်-ညောင်တုန်းလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ CCTV Camera (၂)လုံး၊ ရုံးရှေ့မှတ်တိုင်၊ ရန်ကုန်- ညောင်တုန်းလမ်းနှင့် ကျန်စစ်သားလမ်းဆုံ CCTV Camera (၂)လုံးတို့အား လှိုင်သာယာ မြို့မရဲစခန်းတွင် အထိုင်စက်ဖြင့် စောင့်ကြည့်ဆောင်ရွက်လျက်ရှိပါကြောင်း။
လှိုင်သာယာမြို့နယ်အတွင်း CCTV Camera (၁၂)လုံး တပ်ဆင်ထားရှိသည့်အပြင် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်း၊ နယ်မြေရဲစခန်းမှူး၊ ရဲကင်းမှူးများ၊ ရပ်ကွက်အလိုက် အပိုင်နယ်ထိန်း တပ်ဖွဲ့ဝင်များသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့ ရပ်ကွက်တစ်ခုချင်းစီနှင့် ကျေးရွာများအလိုက်၊ စက်မှုဇုန်နယ်မြေများအလိုက် ဒုစရိုက်မှု မဖြစ်ပွားစေရေး အတွက် မှုခင်းအသိပညာပေး ဟောပြောဆွေးနွေးခြင်း၊ နေ့/ည လှည့်ကင်း၊ ရပ်ကင်းများအား မီးတန်းယာဉ်၊ ဆိုင်ကယ် လှည့်ကင်းများဖြင့် စိုးမိုးဆောင်ရွက်ခြင်း၊ ခိုး၊ ဆိုး၊ လု၊ နှိုက်များ၊ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်ဖောက်ကားသူများကိုလည်း အသွင်ယူ ဖမ်းဆီးခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး လှိုင်သာယာမြို့နယ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစီအစဉ်ဖြင့် အရေးကြီးသည့် နေရာများတွင် CCTV Camera များ ထပ်မံတပ်ဆင်သွားမည် ဖြစ်ကြောင်း” ဖြေကြားခဲ့ခြင်း ဖြစ်သည်။
MDN


