ဘေရွတ် နိုဝင်ဘာ ၂၄
အစ္စရေးတပ်မတော်က နိုဝင်ဘာ ၂၃ ရက်တွင် လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ရှိ ဆင်ခြေဖုံးဒေသအား လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုတွင် ဟစ်ဇ်ဘိုလာထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးကြောင်း အစ္စရေးတပ်မတော်က ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုတွင် ငါးဦးသေဆုံးပြီး ၂၈ ဦး ဒဏ်ရာရရှိကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီက ပြောကြားသည်။ အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်သည် ယမန်နှစ် နိုဝင်ဘာလတွင် စတင်အသက်ဝင်ခဲ့ပြီး ၎င်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ နှစ်ဖက်စလုံးအနေဖြင့် တပ်ဖွဲ့များကို နယ်စပ်ဒေသမှ ဆုတ်ခွာရန် သတ်မှတ်ထားသည်။ သို့ရာတွင် အစ္စရေးတပ်မတော်သည် ၎င်း၏တပ်ဖွဲ့များကို လက်ဘနွန်နယ်စပ်ဒေသတွင် တပ်စွဲကာ ဟစ်ဇ်ဘိုလာအဖွဲ့အား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ အစ္စရေးသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ကြောင်း ယခုတိုက်ခိုက်မှုက ပြသနေပြီး ဒေသတွင်းအေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို ဟန့်တားနေကြောင်း လက်ဘနွန်သမ္မတ ဂျိုးဇက်အေရွန်က ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


