ဘေရွတ် နိုဝင်ဘာ ၉

 

လက်ဘနွန်နှင့် အစ္စရေးကြား ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် မဖြစ်နိုင်ကြောင်း လက်ဘနွန်ပါလီမန် အကြီးအကဲ နာဗတ်ဗယ်ရီက နိုဝင်ဘာ ၈ ရက်တွင် ပြောသည်။

 

လက်ဘနွန်၊ အစ္စရေး၊ အမေရိကန်၊ ပြင်သစ်နှင့် ကုလသမဂ္ဂတို့ကြား အထက်ပါ ကိစ္စကို ကြားဝင်စေ့စပ်ညှိုနှိုင်းသည့် အဖွဲ့အစည်းများမှတစ်ဆင့်သာ ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက လက်ဘနွန်အယ်လ်အာဆတ် သတင်းစာအား ပြောသည်။

 

လက်ဘနွန်နှင့် အစ္စရေးကြား စေ့စပ်ဆွေးနွေးရာတွင် အရပ်သားကျွမ်းကျင်သူများ ပါဝင်ဆောင်ရွက်မည့်ကိစ္စကို တားမြစ်မည်မဟုတ်ဘဲ ၂၀၀၀ ပြည့်နှစ်က ဆောင်ရွက်ခဲ့သည့်ပုံစံအတိုင်း အရပ်သားကျွမ်းကျင်သူများဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံ၏ ရပ်တည်ချက် ပြောင်းလဲမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

 

 ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်၍ အစ္စရေးနှင့် ဟဇ်ဘိုလာအဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သော်လည်း လက်ဘနွန်နိုင်ငံအတွင်း အစ္စရေးက မကြာခဏတိုက်ခိုက် မှုများဆောင်ရွက်ခဲ့ပြီး လက်ဘနွန်နယ်စပ်တွင် အစ္စရေးတပ်ဖွဲ့များအား တပ်စွဲခဲ့သည်။ လက်ဘနွန်အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်က အစ္စရေးကလေကြောင်းမှ တိုက်ခိုက်ခဲ့ရာ သုံးဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်အမျိုးသားသတင်း အေဂျင်စီက ပြောသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ