ဘေရွတ် နိုဝင်ဘာ ၅

 

လက်ဘနွန်နှင့်နယ်သာလန်တို့ကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ယင်းသဘောတူညီချက်အရ နယ်သာလန်နိုင်ငံသည် လက်ဘနွန်တပ်မတော်အား ကန်ဒေါ်လာ ၇ ဒသမ ၅ သန်းကို ထောက်ပံ့ပေးမည်ဖြစ်သည်။

 

အဆိုပါ သဘောတူညီချက်ကို လက်ဘနွန်ကာကွယ်ရေးဝန်ကြီး မီချယ်မီနေဆာနှင့် နယ်သာလန်ကာကွယ်ရေးဝန်ကြီး ရူဗင်ဗရီကယ်မန်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 

၎င်းသဘောတူညီချက်အရလက်ဘနွန် တပ်မတော်၏ လေ့ကျင့်ရေးတပ်ဖွဲ့ဝင်များ အရည်အချင်းမြှင့်တင်ရေးနှင့် နယ်စပ်ထိန်းချုပ်ရေးကိစ္စရပ်များတွင် နယ်သာလန်က ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီက ပြောသည်။ လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီတပ်ဖွဲ့တွင် နယ်သာလန်က ပါဝင်ဆောင်ရွက်မှုနှင့် ၂၀၂၀ ပြည့်နှစ် ဘေရွတ်ဆိပ်ကမ်းပေါက်ကွဲမှုတွင် အကူအညီပေးခဲ့ခြင်းအတွက် နယ်သာလန်အား ကျေးဇူးတင်ရှိကြောင်း မီနေဆာက ပြောသည်။ နယ်သာလန်နိုင်ငံအနေဖြင့် ယခုကဲ့သို့ ငွေကြေးအကူအညီပေးခြင်း အပါအဝင် လက်ဘနွန်နိုင်ငံ၏ ကာကွယ်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဗရီကယ်မန်က ပြောသည်။ နယ်သာလန်ကာကွယ်ရေးဝန်ကြီးသည် လက်ဘနွန်သမ္မတ ဂျိုးဇက် အေရွန်နှင့် တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ အစ္စရေးက လက်ဘနွန်နယ်စပ်အား ထိပါးနေခြင်းနှင့်ပတ်သက်၍ အစ္စရေးအား နိုင်ငံတကာက ဖိအားပေးဆောင်ရွက်ရန်အပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အား အစ္စရေးက လိုက်နာဆောင်ရွက်ရေး ကူညီတိုက်တွန်းရန် လက်ဘနွန်သမ္မတ ဂျိုးဇက်အေရွန်က နယ်သာလန်ကာကွယ်ရေးဝန်ကြီး ရူဗင်ဗရီကယ်မန်အား ပန်ကြားခဲ့သည်။ လက်ဘနွန်နိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် နယ်သာလန်က ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း နယ်သာလန်ကာကွယ်ရေးဝန်ကြီး ရူဗင်ဗရီကယ်မန်က ပြောသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- စိုးသူရ