နယူးယောက် ၂၂ ဇူလိုင်
လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သော အပိုလိုအာကာသယာဉ်၏ လကမ္ဘာပေါ်သို့ စတင်ရောက်ရှိအခြေချဆင်းသက်ခဲ့သည့် မှတ်တမ်းတင်ဗီဒီယိုတိပ်ခွေများကို နယူးယောက်မြို့၌ ဒေါ်လာ ၁ ဒသမ ၈၂ သန်းဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
နာဆာ၏အဆိုပါဗီဒီယိုတိပ်ခွေသုံးခွေကို လူသားများလကမ္ဘာပေါ်သို့ ဆင်းသက်နိုင်ခြင်း နှစ် ၅၀ ပြည့်အထိမ်းအမှတ်၌ လေလံတင်ရောင်းချခဲ့ရာ လေလံဆွဲသူသုံးဦးက ဝယ်ယူသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မှတ်တမ်းတင်တိပ်ခွေများတွင် အပိုလိုအာကာသယာဉ် လကမ္ဘာပေါ်သို့ ဆင်းသက်စဉ် ရိုက်ကူး ထားသည့် ပုံရိပ်များကို နှစ်နာရီနှင့် ၂၄ မိနစ်ခန့်ကြာ ကြည့်ရှုရမည်ဖြစ်သည်။ ထို့အပြင် အာကာသယာဉ်မှူးများ လကမ္ဘာမျက်နှာပြင်ပေါ်တွင် လမ်းလျှောက်နေကြသည့် ပုံရိပ်များကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။
လကမ္ဘာပေါ်သို့ ဆင်းသက်သည့် မှတ်တမ်းတင်ဗီဒီယိုကို ကမ္ဘာတစ်ဝန်းတွင် ကြည့်ရှုသူပေါင်း သန်း ၅၀ဝ ခန့်ရှိခဲ့သည်။
အဆိုပါ မှတ်တမ်းတင်တိပ်ခွေများကို ရောင်းချသူသည် နာဆာဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး ယင်းတိပ်ခွေများကို ဒေါ်လာ ၂၀ဝ ဖြင့် ၁၉၇၆ ခုနှစ်တွင် ဝယ်ယူခဲ့ကြောင်း သိရသည်။
ယင်းမှတ်တမ်းတင်တိပ်ခွေများသည် အစောဆုံး၊ ရုပ်ထွက်အကောင်းဆုံးဖြစ်သည့်အပြင် လကမ္ဘာပေါ်သို့ လူသားများပထမဆုံးအကြိမ် ခြေချခဲ့သည့် ပုံရိပ်များကိုရှင်းလင်းပြတ်သားစွာ ကြည့်ရှုနိုင်သည်ဟု လေလံတင်ဌာနက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


