ရန်ကုန်     ဇူလိုင်    ၂၇

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်  တိုက်စစ်ကစားသမား ဟိန်းထက်အောင်ကို ခေါ်ယူလိုက်ပြီဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းသည် ယခုလဆန်းပိုင်းက ကျင်းပပြီးစီးခဲ့သည့် MNL League Cup ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက် အသင်းအင်အား ပိုမိုတောင့်တင်းလာစေရန်နှင့် ယခု ရာသီတွင် ထပ်မံယှဉ်ပြိုင်ရမည့် MNL အမှတ်ပေးပြိုင်ပွဲတွင်  ချန်ပီယံဆု တစ်ကျော့ပြန်ရယူနိုင်ရန်နှင့်  AFC Challenge League ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ရေး၊ နောက်ဆုံးအဆင့် တက်ရောက်ကစားခွင့် ရပါက ရလဒ်ကောင်းရယူနိုင်ရန်  အင်အားဖြည့်တင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။  ရန်ကုန် ယူနိုက်တက်အသင်းသည်  တိုက်စစ်ပိုင်းအားဖြည့်သည့်အနေဖြင့်   ဟိန်းထက်အောင်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး  နိုင်ငံခြားသားကစားသမားအချို့လည်း     ထပ်မံခေါ်ယူမည်ဖြစ်သည်။

ဟိန်းထက်အောင်သည် ၂၀၂၁ ခုနှစ်မှ  ၂၀၂၄-၂၀၂၅ ရာသီအပြီးထိ မလေးရှားကလပ်အသင်းများတွင် သာကစားပြီးနောက်  ပြည်တွင်းလိဂ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။     ဟိန်းထက်အောင် သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဟံသာဝတီယူနိုက်တက်အသင်းတွင် စတင်ခဲ့ပြီး   ၂၀၂၁  ခုနှစ်မှစတင်၍ မလေးရှားကလပ်  ဆီလန်ဂေါအသင်းတွင် ကစားခဲ့ကာ နောက်ဆုံးနှစ်ရာသီတွင် မလေးရှားကလပ်  နီဂျီရီဆီဘန်လမ်အသင်းတွင်   အငှားသွားရောက်ကစားခဲ့သည်။

သတင်း-မောင်စံကြီး

ဓာတ်ပုံ-YUFC