ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် (၂၁)တွင် နည်းပြ လမ်းပတ်၏ ကိုဗင်ထရီ အသင်းက ဘရစ္စတိုးလ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ပွဲရရှိပြီး အမှတ်ပေးဇယားကို ငါးမှတ်အသာဖြင့် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
ကိုဗင်ထရီအသင်းသည် ယခုနှစ်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ခြေစွမ်းပြသထားနိုင်သည့်အသင်းဖြစ်ပြီး (၂၁) ပွဲတွင် တိုက်စစ်က ၅၂ ဂိုးအထိ သွင်းယူထားနိုင်သည်။
ဘရစ္စတိုးလ်အသင်းသည် ဂိုး ရရှိနိုင်သည့် အခွင့်အရေး သုံးကြိမ်ထက်မနည်းရရှိခဲ့သော်လည်း သုံးကြိမ်စလုံး ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိပေ။ ဘရစ္စတိုးလ်အသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ရှုံးပွဲ ၇ ပွဲရှိလာပြီ ဖြစ်သည်။
ကိုဗင်ထရီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၆၄ မိနစ်တွင် မေဆင်ကလာ့ခ်က သွင်းယူပေးခဲ့သည်။
ချန်ပီယံရှစ်ပြိုင်ပွဲ ပွဲစဉ် ၂၁ ပွဲ ကစားပြီးချိန်တွင် အမှတ်ပေးဇယားကို ကိုဗင်ထရီအသင်းက ရမှတ် ၄၇ မှတ်ဖြင့် ဦးဆောင်ထားပြီး မစ်ဒယ်ဘရော့အသင်းက ရမှတ် ၄၂ မှတ်ဖြင့် အနီးကပ် ဖိအားပေးလျက်ရှိသည်။
မိုးဇက်


