လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ မိုးလုံလေလုံအားကစား (A) ရုံ၌ ကျင်းပသည်။

 

ဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြည်ထောင်စု ဝန်ကြီးဖလား မိုးရာသီ အားကစားပြိုင်ပွဲများကို ကျင်းပပေးရခြင်းသည် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကျင်းပခြင်းဖြစ်ပြီး မကြာခင်တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဘောလုံး (အမျိုးသား) ပြိုင်ပွဲ၊ ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတို့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုအသင်းများ အနေဖြင့် အရည်အသွေးရှိရှိ၊ အဆင့်အတန်းမီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမားများ ရွေးချယ်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယခုပြိုင်ပွဲမှတဆင့် ဝန်ကြီးဌာန လက်ရွေးစင်အသင်း ထိုမှတဆင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စု ဝန်ကြီးဖလား ဘောလုံး (အမျိုးသား) ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲတို့တွင် တတိယဆုရရှိသည့် အသင်းနှင့် ဒုတိယဆုရရှိသည့် အသင်းများကို ဆုများပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ဘောလုံး(အမျိုးသား)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အသင်းကို ဆုပေးအပ် ချီးမြှင့်သည်။

 

ယင်းနောက် ပြည်ထောင်စု၀န်ကြီး ဦးသောင်းဟန်က ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနအသင်းကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အသင်းကိုလည်းကောင်း၊ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အသင်းကိုလည်းကောင်း၊ ဘောလုံး (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အသင်းတို့ကိုလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား မိုးရာသီ အားကစားပြိုင်ပွဲများ ဖြစ်သော ဘောလုံး (အမျိုးသား) ပြိုင်ပွဲကို အသင်း (၆) သင်းဖြင့်လည်းကောင်း ၊ ဘော်လီ ဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲကို အသင်း (၄) သင်းဖြင့်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၆)သင်းဖြင့်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်