လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးပြော 

မန္တလေး ၅ မေ

 

မန္တလေးတိုင်းမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်သည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်း မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

 

"ဓာတ်အားပြတ်တောက်မှု ကိစ္စအတွက် ပြည်သူလူထုကို အနူးအညွတ်တောင်းပန်ပါတယ်'' ဟု မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

 

မန္တလေးတိုင်းမှာ ရက်ပိုင်းအတွင်း  လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းခန့်ပိုလာကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလကုန်အထိ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၆၁၀ မဂ္ဂါဝပ်ရှိပြီး ယခုအခါ မဂ္ဂါဝပ် ၆၅၀ ကျော်ခန့် ရှိလာကြောင်း သိရသည်။

 

လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ည ၇ နာရီမှ ၈ နာရီအထိ အသုံးများဆုံး အချိန်ဖြစ်ကြောင်း သိရသည်။

 

တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုအတွက် ဂတ်တာဘိုင် ၂၈ ခုရှိပြီး ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တစ်ရုံရှိကြောင်း သိရသည်။  လိုအပ်သည့် ဓာတ်အားများကို ရေအားလျှပ်စစ်မှ ယူရပြီး ယခုအခါ မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ရေအားလျှပ်စစ်မှ ရေကို ချွေတာသုံးစွဲနေရကြောင်း သိရသည်။

 

"ရန်ကုန်မှာဆိုရင် မုတ်သုန်က မေ ၁၅ ဝင်တယ် တစ်နိုင်ငံလုံးအတိုင်းအနာနဲ့ဆို ဇွန် ၂၅ မှာ မုတ်သုန်ဝင်တယ်။ အဲတာကြောင့် ရေကိုချွေတာသုံးနေရတယ်''ဟု ဝန်ကြီးဦးဇာနည်အောင်က ဆိုသည်။ 

 

ယခုလို ရေကိုချွေတာသုံးစွဲနေရသည့်အတွက် လျှပ်စစ်ဓာတ်ဝန်အားကို အလှည့်ကျ လျော့ချသည့် စနစ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ 

 

အိမို့မို့ခိုင်