နေပြည်တော်  ၂၃ ဖေဖော်ဝါရီ 

    
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၌ ကျင်းပသည်။
    

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စက်မှုဇုန်(၃၇)ခုမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ 
        

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေး ကျင်းပရခြင်းသည် တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွင်စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးရေး၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်မြင့်မားလာစေရေးတို့အတွက် နိုင်ငံတော်မှအစဉ်တစိုက် အားပေးလျက်ရှိသဖြင့် စက်မှုဇုန်မှ တာဝန်ရှိသူများ သက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များနှင့် ယနေ့ စုစုစည်းစည်းဖြင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံရခြင်းဖြစ်ပါကြောင်း၊ စက်မှုဇုန်များ၏ ဆုံးရှုံးမှုသည်မိမိတို့၏ ဆုံးရှုံးမှုဟုယူဆထားပါသဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများနှင့် စက်မှုဇုန်/စက်မှုလက်မှု လုပ်ငန်းများတွင် တည်ငြိမ်သောလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ မဟာဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက်သာမက စက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ လျှပ်စစ်ဓာတ်အားကို အလုံအလောက် ဖြန့်ဖြူးပေးနိုင်မှသာ နိုင်ငံတော်၏စီးပွားရေးကဏ္ဍသည် များစွာတိုးတက်လာနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုရန်ပုံငွေကို အများဆုံးသုံးစွဲ ခွင့်ပြုခဲ့ပါကြောင်း၊ သို့ရာတွင် ရရှိသည့်ရန်ပုံငွေအလိုက် တိုးတက်သုံးစွဲလာသည့် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေရသည့်အတွက် အပိုင်းအလိုက် ဦးစားပေးအဆင့်ဆင့်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်မှုလက်မှုလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ပြောကြား‌စေလိုကြောင်း။
         

မိမိတို့ ဆောင်ရွက်နေမှုသည် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အကြိမ်ကြိမ် တွေ့ဆုံကြခြင်းဖြင့် ရလဒ်များရရှိလာမည် ဖြစ်ပါကြောင်း နောင်တွင်လည်း ဆက်လက်တွေ့ဆုံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လာမည့်နွေရာသီတွင်ရန်ကုန်၏ သုံးစွဲမှုသည် အမြင့်ဆုံးသို့ ရောက်မည်ဖြစ်သဖြင့် မိမိတို့၏ ဖြန့်ဝေပေးမှုသည် အနည်းငယ်လိုအပ်နေမည်ဖြစ်၍ လိုအပ်နေသော ထုတ်လုပ်မှုအပိုင်းကို ဖြည့်ဆည်းမှုအနေဖြင့် စက်မှုလုပ်ငန်းရှင်များမှ မီးသုံးစွဲမှုများသော ညဦးပိုင်းအချိန်များတွင် အသုံးမပြုဘဲ ညပိုင်းအချိန်များတွင် အသုံးပြုသွားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။    
    

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများနှင့်စက်မှု ဇုန်များရှိတာဝန်ရှိသူများမှ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ်မှ စက်မှုဇုန်များ၏ တင်ပြမှုများအပေါ် ဆောင်ရွက်ပေးမည့် အစီအမံများကို ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။  တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)