ရန်ကုန် ၁၃ ဖေဖော်ဝါရီ 

 


လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

q

 

အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံ ကလေးများနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားသည်။

 


ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်ကို ကလေးငယ်များ အတုယူနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောပြသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း အစီအစဉ် ဗီဒီယို မှတ်တမ်းကိုပြသပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 


ယင်းနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် သမိုင်းကြောင်းများနှင့် အမှတ်တရ အကြောင်းအရာများကို ကလေးငယ်များ သိရှိစေရန်  ဉာဏ်စမ်းမေးမြန်းခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသည့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို ကျင်းပပြီး မျက်လှည့်ပညာရှင် မစ္စတာတော့ပ်က မျက်လှည့်ပညာများဖြင့် ဖျော်ဖြေခဲ့သည်။

 


အဆိုပါအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီက ကြီးမှူး၍ ဗိုလ်ချုပ်အောင်ဆန်း၏ ရိုသားဖြောင့်မတ်မှု၊ ရဲ့ရင့်မှု၊ သစ္စာရှိမှု စသည့် စိတ်နေသဘောထားများကို ကလေးငယ်များ အတုယူနိုင်စေရန်နှင့် ကလေးငယ်များ ပျော်ရွှင်စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားတွင် တာဝန်ရှိသူတို့က ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စတုဒီသာများဖြင့် ဧည့်ခံခဲ့သည်။ 

 

a

 

အလားတူ ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လမ်းမတော်မြို့နယ် လူငယ်လုပ်ငန်းအဖွဲ့က မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ဆေးရုံတို့တွင် ပဲပြုတ်နှင့်နံပြားတို့ကို စတုဒီသာအလှူအဖြစ် လိုက်လံကျွေးမွေးခဲ့ကြောင်း သိရသည်။

 


သတင်းနှင့် ဓာတ်ပုံ- ဇော်ကြီး