လွတ်လပ်ရေးကျေးဇူးဆပ်၍တာဝန်ကျေ

၂၇ ဒီဇင်ဘာ

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဇမ္ဗူတစ်ခွင်၌ ဂုဏ်ရောင်ထွန်းပြောင် သည့် လွတ်လပ် သော နိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီရပ်တည်ခဲ့သည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ဖြင့် နှစ် ပေါင်း ရှည်လျား စွာ ဖြတ်သန်းခဲ့သော်လည်း ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့်အတူ လွတ်လွတ် လပ်လပ် ကျေကျေ နပ်နပ် နေခဲ့ကြရသည်။ တစ်ရံတစ်ခါကာလ၌သာ တိုင်းတစ်ပါးမှ ကျူးကျော်မှု အချို့ရှိခဲ့ပြီး ကျူးကျော်လာ လျှင်လည်း ရဲရင့်ပြောင်မြောက်သော စုစည်းမှု အားဖြင့် တွန်းလှန်မောင်းထုတ်နိုင်ခဲ့သည်။

ဇမ္ဗူတလူ၌ “မြန်မာဟေ့ဟု ဂုဏ်ယူဝင့်ကြွားနိုင်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို လေးကြိမ် တိုင်တိုင် စုစည်းတည်ထောင်နိုင်သည့် သမိုင်းမော်ကွန်း ရေးထိုးထားသည်။ ပထမ မြန်မာနိုင်ငံတော်ကို ပုဂံခေတ်တွင် အနော်ရထာမင်းတရားကလည်းကောင်း၊ ဒုတိယ မြန်မာ နိုင်ငံတော် ကိုတောင်ငူခေတ်တွင် ဘုရင့်နောင်ကျော်ထင်နော်ရထာကလည်းကောင်း၊ တတိယ မြန်မာနိုင်ငံတော်ကို ကုန်းဘောင်ခေတ်တွင် အလောင်းမင်းတရား ဦးအောင်ဇေယျက လည်း ကောင်း စုစည်းတည်ထောင်ခဲ့သည်။

အင်အားကောင်းသော နိုင်ငံတော်ကြီးကို နှစ်ပေါင်းထောင်ချီ စုစည်း တည်ထောင်နိုင်ခဲ့သည်မှာ ကိုယ့်အရှင်သခင်အမိန့်တော်အောက်တွင် တိုင်းရင်းသားပြည်သူအားလုံး အရေးကြုံလျှင် သက်လုံကောင်းစွာ တစုတစည်းတည်း တည်ဆောက်ထားသောကြောင့်ဖြစ်သည်။ တစ်နည်း ဆိုလျှင် တိုင်းရင်းသားပြည်သူအားလုံး ပြည်ထောင်စုကြီးအတွက် တစည်းတလုံး တည်းရှိနေခြင်း၊ အရေးကြုံလျှင် ချက်ချင်းသွေးစည်းနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ အခြားတစ်မျိုးမှာ ထိုအချိန်က မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံး ကိုယ်ခံ အားကောင်းများ ရှိနေကြခြင်း ဖြစ်သည်။

မည်မျှပင် ကိုယ်ခံအားကောင်း၊ သက်လုံကောင်း၊ စုစည်းမှုကောင်း ရှိသော်လည်း သွေးကွဲလာ လျှင်မူကား တစ်စတစ်စပြိုကွဲပြီး ဖရိုဖရဲဖြင့် ပျက်သုဉ်းကြရသည်ကို လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာကျော်အတွင်းမှ သမိုင်း ဖြစ်ရပ်များက သက်သေပြခဲ့သည်။ တစည်းတလုံးတည်းမရှိဘဲ ပြိုကွဲ နေသော ကုန်းဘောင် နောက်ဆုံးမင်းဆက်လက်ထက်တွင် နယ်ချဲ့တို့က လက်နက်အား ကိုးဖြင့် မြန်မာနိုင်ငံကို အဓမ္မသိမ်းပိုက်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်း လဆုတ် ၈ ရက်နေ့သည် မြန်မာတစ်မျိုးသားလုံး ကံဆိုးမိုးမှောင်ကျခဲ့သောနေ့ဖြစ်သည်။ ခရစ်နှစ် ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့သည် မြန်မာတစ်ပြည်လုံး တိုင်းတစ်ပါးလက် အောက်သို့ ကျရောက် ခဲ့သောနေ့၊ တစ်တိုင်း ပြည်လုံး လွတ်လပ်ရေးဆုံးရှုံးသောနေ့ ဖြစ်သည်။

တိုင်းတစ်ပါးလက်အောက်ရောက်သည်နှင့် မြန်မာသူရဲကောင်းများ၊ မျိုးချစ်များ၏ အကွဲကွဲ အပြားပြား တွန်းလှန်မှုများ၊ နိုးကြားမှုများဖြင့် ရုန်းကန်နိုးထခဲ့ကြသော်လည်း အရာမထင်ခဲ့ချေ။ သို့သော် မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက်နေ့တွင် နယ်ချဲ့ကျွန်ဘဝရောက် မြန်မာ နိုင်ငံကို လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ပြန်လည် စုစည်းတည်ထောင်မည့် လွတ်လပ် ရေးဗိသုကာတစ်ဦး ပေါ်ပေါက်လာခဲ့သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ကဲ့သို့ စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို တစုတစည်းတည်း ပြန်လည်တည်ထောင်ပေးမည့် ခေါင်းဆောင် တစ်ဦး မွေးဖွားလာခဲ့သည်။

ထိုပုဂ္ဂိုလ်သည်ကား ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်၌ မြန်မာနိုင်ငံတွင် ပြည်သူလူထုတစ်ရပ်လုံးကို ဖဆပလအလံတော်အောက်၌ တစည်းတလုံးတည်း စည်းရုံးပေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ခေါ် သခင်အောင်ဆန်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်း၏ ဦးဆောင် စည်းရုံးမှုဖြင့် ပြည်သူလူထုတစ်ရပ်လုံး ပေါင်းရုံးညီညွတ်စွာ တပေါင်းတစည်း ပါဝင် လှုပ်ရှားခဲ့ပြီး အသက်ပေး၍ ကြိုးပမ်းခဲ့သောကြောင့် (၁၈၂၄-၁၉၄၈) ၁၂၄ နှစ်တိတိ ဆုံးရှုံးခဲ့သော မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူပေးနိုင်ခဲ့သည်။ စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို သခင်အောင်ဆန်းနှင့် အမျိုးသား ခေါင်းဆောင် ကြီးများက စည်းလုံးညီညွတ်မှုအားများ ပြန်လည်စုစည်းကာ အသက်ကိုပင် စွန့်လွှတ်၍ လွတ်လပ်ရေးကို ရယူပေးခဲ့သည်။

သို့ဖြစ်ရာ လွတ်လပ်သောပြည်ထောင်စုနိုင်ငံကြီးတွင် မှီတင်းနေထိုင်ကြသော မျက်မှောက် ကာလ ပြည်သူများအနေဖြင့် မိမိတို့၏ဘိုးဘွားဘီဘင် များက လွတ်လပ်ရေးတည်းဟူသော အောင်ပန်းကို ဆွတ်ချူရယူပေးထား သည့် စတုတ္ထမြန်မာနိုင်ငံတော်ကြီး နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်ကြာ ဆက်လက် ခိုင်မြဲပြီး နိုင်ငံတကာအလယ်တွင် တင့်တယ်ဝင့်ထည်စွာ ရပ်တည်နေနိုင်ရေး အတွက်ကြိုးပမ်း အားထုတ်ပေးမှသာ မိမိတို့၏ ဘိုးဘွားဘီဘင်များအား ကျေးဇူး ဆပ်ရာရောက်မည်ဖြစ်ပါကြောင်း၊ တာဝန်ကျေပွန်သောနိုင်ငံ သားကောင်းများဖြစ်မည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ