မောင်သောင်းဝင်း(တမန်ဟောင်း)

 

ကထိန်ပွဲတော်သည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ အတွင်းသာ ကျင်းပရသော ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်သည်။ မိမိလှူချင်သည့်အချိန်တွင် လှူနိုင်သည့် အလှူပွဲမျိုး မဟုတ်သောကြောင့် ကာလဒါနဖြစ်၍ မြတ်သောအလှူဖြစ်သည်။  ထို့ပြင်ကထိန်သင်္ကန်း ကပ်လှူရာ၌ ဘုရားရှင်ကိုယ်တော်တိုင် ကထိန်သင်္ကန်း၊ အလှူခံသံဃာတော်နှင့် အလှူရှင်ဒါယကာအတွက် စည်းကမ်းချက်များစွာထုတ်ပြန်ခဲ့သည်။ ထိုစည်းကမ်းများနှင့်အညီ ပြုလုပ်မှသာ ကထိန်မြောက်ကာ အထူးကုသိုလ်ကိုလည်းရနိုင်သည်။ ကထိန်၏အဓိပ္ပာယ်သည် ‘မြဲမြံခိုင်ခံ့ခြင်း’ ပင်ဖြစ်သည်။ ‘မယိမ်းမယိုင် ကျောက်စာတိုင်ပမာ တည်တံ့ခိုင်မြဲသော အစွမ်းသတ္တိ အရှိန်အဝါရှိသောကြောင့် ကထိန်’ ဟုလည်း ခေါ်ဆိုပါသည်။

 

“အလှူရေစက်လက်နှင့်မကွာ” ဆိုသောစကားသည် ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနရက်ရောမှုကို ဖော်ညွှန်းလျက်ရှိသည်။ ထိုသို့လှူဒါန်းရာတွင် အလှူရှင်၊ လှူဖွယ်ပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်တို့ အပေါ်မူတည်၍ အကျိုးဖြစ်ထွန်းမှုလည်း ကွာခြားလျက်ရှိသည်။ ဗုဒ္ဓဘာသာမြန်မာတို့သည် ဝါလ ကင်းလွတ်သီတင်းကျွတ်ပြီဆိုသည်နှင့်  နိုင်ငံ တစ်ဝန်းတွင် ဘုရားပွဲများ၊ အလှူမင်္ဂလာပွဲများကို ခြိမ့်ခြိမ့်သဲ  ကျင်းပလာကြသည်။ အထူးသဖြင့် သီတင်းကျွတ်လပြည့်ကျော် တစ်ရက်မှသည် တန်ဆောင်မုန်း လပြည့်နေ့အထိ  တစ်လတာကာလအတွင်း ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိသည်။

 

လှူဒါန်းတတ်ဖို့လို

 

အလှူတစ်ခု၏ အကျိုးကျေးဇူးသည် လှူဒါန်းသူ၏ စိတ်စေတနာ ထက်သန်မှုပေါ်တွင်များစွာ မူတည်နေပါသည်။ အလှူရှင်၊ လှူဖွယ်ပစ္စည်းနှင့် အလှူခံပုဂ္ဂိုလ်သုံးဦး၊ သုံးဖလှယ်တို့တွင် သတ်မှတ် အရည်အချင်း၊ သီလ၊ သမာဓိ၊ ပညာတို့နှင့် ပြည့်စုံ နေမည်ဆိုလျှင် ထိုလှူဒါန်းမှုအတွက် အကျိုးပေး သည် အတိုင်းထက်အလွန်ပင်ဖြစ်သည်။ အလှူရှင်သည် လယ်စိုက်သူနှင့်တူပြီး လှူဖွယ်ပစ္စည်းသည် မျိုးစေ့နှင့် တူညီမှုရှိသည်။ ထို့အတူ အလှူခံပုဂ္ဂိုလ်သည် လယ်ကွက်နှင့် အလားသဏ္ဌာန်တူညီသည်။

 

လယ်စိုက်သူအလှူရှင်သည် ကြိုးပမ်းအားထုတ်မှုများ မည်မျှပင်ရှိနေစေကာမူ လှူဖွယ်ပစ္စည်း ဖြစ်သည့် မျိုးစေ့သည် ညံ့ဖျင်းနေသည့်အပြင် အလှူခံပုဂ္ဂိုလ်ဖြစ်သော လယ်ကွက်တွင်လည်း မြေဆီလွှာ ညံ့ဖျင်းနေပါက အထွက်နှုန်းကောင်း နိုင်မည်မဟုတ်ချေ။ ထို့အတူလယ်စိုက်သူအလှူရှင် ၏ အားထုတ်မှုနှင့် လှူဖွယ်ပစ္စည်း မျိုးစေ့တို့မည်မျှပင် ကောင်းမွန်နေစေကာမူ အလှူခံပုဂ္ဂိုလ်ဖြစ်သည့် လယ်ကွက်သည် သီလဂုဏ်၊ ပညာဂုဏ်၊ သမာဓိဂုဏ် ဟုခေါ်ဆိုသော မြေဆီလွှာများမရှိပါက ထိုအလှူသည် အကျိုးကြီးမားစွာ ဖြစ်ထွန်းနိုင်ခြင်း မရှိချေ။

 

အလှူခံပုဂ္ဂိုလ်ဖြစ်သည့် လယ်ယာမြေသည် သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်များဖြစ်သည့် မြေဆီလွှာများ မည်မျှပင် ပြည့်စုံနေစေကာမူ လယ်စိုက်သူအလှူရှင်၏ စေတနာသုံးတန် ပြတ်သားမှုနှင့် မျိုးစေ့ဟုခေါ်ဆိုသည့် လှူဖွယ်ပစ္စည်းများ၏ သန့်ရှင်းမှုတို့မရှိလျှင်လည်း ထိုအလှူအတွက် အကျိုးတရားသည် ကုန်သလောက် အကျိုးကျေးဇူးရရှိခံစားနိုင်ခြင်းမရှိချေ။

 

သင်္ကန်းတွင်ကထိန်၊ ကျောင်းမှာသိမ်

 

အထူးသဖြင့် “သင်္ကန်းတွင်ကထိန်၊ ကျောင်းမှာ သိမ်” ဆိုသောစကားသည် ဗုဒ္ဓဘာသာဝင်တို့အတွက် အလှူဒါနပြုရာတွင် အကျိုးဖြစ်ထွန်းစေရန် လမ်းပြပေးလျက်ရှိသည်။ ဆိုလိုသည်မှာ ကျောင်းလှူရာတွင် သိမ်ကျောင်းလှူဒါန်းခြင်းသည် အကျိုးများစွာဖြစ်ထွန်းသည်။ မြင့်မြတ်သော ရဟန်းပြုခြင်း၊ ဥပုသ်သီတင်းသီလ ဆောက်တည်ခြင်းနှင့် အခြားသော သံဃာ့ကိစ္စအဝဝတို့ကို ထိုသိမ်ကျောင်းအတွင်း ၌သာပြုလုပ်ကြသည်။ ထို့ကြောင့် သိမ်ကျောင်းသည် သာသနာ၏ ရေသောက်မြစ်ဟုပင်ဆိုနိုင်သည်။

 

ထိုနည်းတူစွာပင် ကထိန်သင်္ကန်းသည်လည်း သံဃာကိုသာ ရည်မှန်းလှူဒါန်းရခြင်းဖြစ်သည်။ သံဃာကိုရည်မှန်း လှူဒါန်းရသောကြောင့် သံဃိက ဒါနမြောက်ခြင်း၊ နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ သာ လှူဒါန်းရသဖြင့် ကာလဒါနမြောက်ခြင်း၊ သံဃာတော်များအား လာဘ်လာဘဖြစ်ထွန်းစေကာ ချမ်းသာစေခြင်း၊ လှူဒါန်းသူအား အကျိုးငါးပါး တိုးပွားစေခြင်းနှင့် သံဃာများအားဝိနည်းသိက္ခာ ငါးပါးဖြင့်သင့်ရောက်နိုင်သော အာပတ်တို့ကို ပြယ်နိုင်ခြင်းတို့ကြောင့် ကထိန်သင်္ကန်းလှူဒါန်းရခြင်းသည် အမွန်မြတ်ဆုံးဒါနတစ်ခုပင်ဖြစ်သည်။

 

ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများသည် ဝါတွင်းသုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာ ပြုသော ရဟန်းသံဃာတော်များရှိရာ ကျောင်းတိုက်များ၌သာ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်တည်းဖြစ်စေ၊ အများကိုဖြစ်စေ “ဣမံစီဝရံ သံဃဿဒေမိ” ဤသင်္ကန်းကို သံဃာ တော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ဆက်ကပ်လှူဒါန်းကြပါသည်။ ကထိန်သင်္ကန်းသည် ကထိန်ခင်းမည့်ကျောင်းတိုက်မှ ရဟန်းတော်များ၏ တိုက်တွန်းလှုံ့ဆော်မှုမပါဘဲ အလှူရှင်က သဒ္ဓါ တရားနှင့်အညီ အလိုအလျောက် လာလှူသော သင်္ကန်းဖြစ်ရန် လိုအပ်ပါသည်။ ကထိန်ခင်းခွင့်ကို ရဟန်းတိုင်းမရနိုင်ပေ။ ကထိန်ခင်းမည့် ရဟန်း တော်သည် ပုရိမဝါကပ်ပြီး ပဝါရဏာပြုပြီးသော ရဟန်းဖြစ်ရန် လိုအပ်သည်။ မျက်မှောက်ကာလတွင် ကထိန်ခင်းရာ၌ မရှိနွမ်းပါးသောရဟန်းအားဖြစ်စေ၊ အကြီးဆုံးမထေရ်အားဖြစ်စေ ကပ်လှူရန်အတွက် ဉတ်သင်္ကန်းအပြင် ပရိက္ခရာရှစ်ပါးနှင့် အခြားသော လှူဖွယ်ပစ္စည်းများကိုလည်း ထည့်သွင်းလှူဒါန်း လေ့ရှိကြသည်။

 

ကထိန်သင်္ကန်းဖြစ်ပေါ်လာခြင်း

 

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြော်ရန် အတွက် ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်တို့သည် ဝါကျွတ်သောအခါ ဝါဆိုဝါကပ်ရာဖြစ်သော ကေတပြည်မှ ခြေကျင်ခရီးဖြင့် ကြွလာခဲ့ကြရသည်။ ထိုစဉ်က မိုးကြီးသည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေ စွတ်စိုကုန်ကြသည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ဖူးမြော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ခရီးဝေးမှလာသည့် ထိုရဟန်းတို့ကို အကြောင်းပြု၍ ပုရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်းခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။ ထိုအချိန်မှစ၍ ကထိန်သင်္ကန်း ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဗုဒ္ဓစာပေများတွင် ဖတ်ရှုမှတ်သားရပါသည်။

 

ကထိန်သင်္ကန်းလှူဒါန်းခြင်း၏အကျိုးကျေးဇူးများ

 

မိမိသွားလိုရာခရီးကို အတားအဆီး၊ အနှောင့်အယှက်မရှိ လွတ်လပ်ဘေးကင်းစွာ သွားလာနိုင်ခြင်း၊ လုပ်ငန်းတာဝန်များကို ပြီးမြောက်အောင်မြင်စွာ ထမ်းဆောင်နိုင်ခြင်း၊ အစာအဆိပ်သင့်မှု ဘေးအန္တရာယ်မှ ကင်းဝေးနိုင်ခြင်း၊ မိမိပစ္စည်းဥစ္စာများအား အဖျက်အမှောင့်များရန်မှ ကာကွယ်နိုင်ခြင်းနှင့် မိမိပစ္စည်းဥစ္စာများအား သူတစ်ပါး နိုင်ထက်စီးနင်း ယူဆောင်ခြင်းမှ ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ ထို့အပြင် ကထိန်သင်္ကန်း အလှူရှင်များသည် ခန္ဓာကိုယ်၌ အညစ်အကြေးကင်းစင်ခြင်း၊ ခန္ဓာကိုယ် နူးညံ့ပြေပြစ်ခြင်း၊ နောက်ဆုံးပေါ် အဝတ်အစား မျိုးစုံကို ဝတ်ဆင်ခွင့်ရရှိခြင်းနှင့် အဆုံးတစ်နေ့တွင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်း ဟူသည့် ထူးကဲသည့် အကျိုးတရားများစွာကိုလည်း ရရှိနိုင်ပေသည်။

 

မုဒိတာပွားနိုင်

 

ကထိန်ပွဲတော်တွင်မပါမဖြစ်သော အရာသည် ပဒေသာပင်လှည့်ခြင်းဖြစ်သည်။ ပဒေသာပင် လှည့်ခြင်း၏ရည်ရွယ်ချက်သည် လှူဖွယ်ပစ္စည်းများ ချိတ်ဆွဲထားသော ထိုပဒေသာပင်များကို ကြည့်ရှုပြီး မုဒိတာပွားများနိုင်စေရန်ဖြစ်သည်။ လူတစ်ဦးသည် ပဒေသာပင်တွင် မိမိတတ်နိုင်သမျှ ချိတ်ဆွဲ လှူဒါန်းနိုင်ပေသည်။ ငွေကြေးမတတ်နိုင်သူများသည်ပင်လျှင် လုပ်အားဒါနဖြင့် ပါဝင်လှူဒါန်း နိုင်ကြသည်။     ထို့ကြောင့် အလှူကထိန်သင်္ကန်းနှင့် မဂ်လမ်းကိုရွယ်သော ကထိန်ပွဲတော်ပင် ဖြစ်ပါတော့သည်။

 

အနှောင့်အယှက်မဖြစ်ရန်လို

 

မည်သည့်အလုပ်တွင်မဆို တန်ဆေး၊ လွန်ဘေးဆိုသလို အစွန်းမရောက်ဖို့တော့ လိုမည်ထင်ပါသည်။ ကထိန်ပွဲတော်ကာလအတွင်း ရက်ကွက်ထဲ၌ အသံချဲ့စက်များကို ကျယ်လောင်စွာဖွင့်ပြီး မိုးလင်း မိုးချုပ် အချိန်ပြည့် ပဒေသာပင်လှည့်နေမည်ဆိုလျှင် သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် အသံ ညစ်ညမ်းမှု ဖြစ်လာစေနိုင်ပါသည်။ တချို့သော ဒေသများတွင် ကထိန်ပွဲတော်၌ ဖျော်ဖြေပွဲများ၊ အငြိမ့်ပွဲများ၊ ဇာတ်ပွဲများဖြင့် အပျော်လွန်ကျူးလာသည်များလည်းရှိပေရာ ဦးစီးဦးဆောင် လုပ်ကိုင်သူများက ထိန်းထိန်းသိမ်းသိမ်း ချင့်ချိန် လုပ်ဆောင်သွားရန် လိုအပ်မည်ထင်ပါသည်။

 

ရိုးရာအစဉ်အလာကို ဆက်လက်ထိန်းသိမ်းသင့်

 

ကမ္ဘာတွင် အလှူရေစက်လက်နှင့် မကွာသည်မှာ ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားများသာ ဖြစ်ကြသည်။ သာဓကအနေဖြင့် မြန်မာတို့သည် အလှူဒါနရက်ရောမှုကြောင့် မြန်မာနိုင်ငံသည် အလှူအတန်းပြုရာတွင် ကမ္ဘာ့အဆင့်တစ်နေရာ၌ပင် ရပ်တည်နိုင်ခဲ့ပေသည်။ အထူးသဖြင့် ကျေးလက် နေပြည်သူများသည် လယ်ယာထွက်ကုန် ပေါ်ဦး၊ ပေါ်ဖျားတို့ကို ဦးစွာ အလှူအတန်း ပြုလုပ်ကြသည်။ အခက်အခဲရှိသည့် တိုင်းရင်းသားများကို ကျန် တိုင်းရင်းသားများက ဝိုင်းဝန်းကူညီဖေးမ စောင့်ရှောက် ပေးလေ့ရှိ ကြသည်။ ထိုဓလေ့မျိုးကို မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံတွင်မျှ တွေ့ရှိရမည်မဟုတ်ချေ။ ဂုဏ်ယူစရာကောင်းသော ထိုရိုးရာထုံးတမ်းအစဉ်အလာကို သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်း သွားရန်သည် ကျွန်ုပ်တို့၏ သမိုင်းပေးတာဝန်ပင် ဖြစ်သည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးက အကျိုးထူးငါးဖြာကို ချက်ချင်းရရှိစေနိုင်သော ကထိန်သင်္ကန်းအား ဆက်ကပ်လှူဒါန်းခြင်းဖြင့် မဂ်လမ်းကို ဝင်နိုင်ကြပါစေ။